ကွတ်ခိုင်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများ ကျင်းပ

ကွတ်ခိုင် စက်တင်ဘာ  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း (၈:၀၀)အချိန်က မြို့နယ်ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ) (ကွတ်ခိုင်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းအောင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ကျော်တို့က ဖဲကြိုးဖြတ်၍  ဖွင့်လှစ်ပေးကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အ.ထ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” သီချင်းဖြင့်လည်ကောင်း၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များတိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ အဆို၊ အက၊ အရေး၊ အတီးဘာသာရပ်များတွင် အဆင့်လိုက်ဆုရရှိသူများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှိုင်မင်းစိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ အသီးသီး ဆုချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍လည်း ပူးပေါင်းပါဝင်ပေးခဲ့ကြသည့် ဒေသခံတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့အသီးသီးနှင့် အလှူရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခြင်း၊ သီးဆို‌ဖျော်ဖြေပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များကို ဂုဏ်ပြုဆုများ ချီးမြှင့်ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှ နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနား ပြီးမြှောက်ခဲ့ကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)