မူဆယ်မြို့၊ နာဂမြောင်လိုဏ်ဂူဘုရားသာသနာ့နယ်မြေတွင် ဆေးလိပ်ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ကာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူ

မူဆယ် စက်တင်ဘာ ၁၁

ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ကင်းစင်စေရေးအတွက် အသိပညာဟောပြောပွဲများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးဆိုင်းဘုတ်များကို ပြည်သူလူထုသိမြင်ပြီး ရှောင်ရှားနိုင်ကြစေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နာဂမြောင်လိုဏ်ဂူဘုရား သာသနာ့နယ်မြေတွင် ဆေးလိပ်ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ကာ ယမန်နေ့ နံနက်(၁၀:၀၀) နာရီအချိန်က ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးသူများအတွက် အသိပညာပေးဆိုင်းဘုတ်ကို စိုက်ထူခဲ့ပါသည်။

အဆိုပါ အသိပညာပေးဆိုင်းဘုတ်စိုက်ထူရာတွင် မူဆယ်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန ဒေါက်တာအောင်ကျော်စောနှင့်တကွ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦစီးမှူး ဦးခင်မောင်အေး၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်ဦးနှင့် မြို့နယ်ဌာနဆိုင်ရာများက နာဂမြောင်လိုဏ်ဂူဘုရားမုဒ်ဦးအဝင်နှင့် အတက်လမ်းတို့တွင် ဘုရားဖူးမိဘပြည်သူများနှင့် ဒေသခံတိုင်းရင်းသားများ ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမိ၍ ဆိုးကျိုးများကို သိရှိစေရန် အသိပညာပေးဆိုင်းဘုတ် စိုက်ထူထားရှိခဲ့ပါသည်။ ဆက်လက်၍ ဒေါက်တာနှင့်တကွ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိကြသူများက ဆေးလိပ်နှင့်ဆေးရွက်ကြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဘုရားပေါ်ရှိ ဘုရားဖူးပြည်သူများကို လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေအသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)