နမ့်စန်(တ) စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပထမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စာရေးတံမဲအလှူပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ မြို့မဝိသုဒ္ဓိကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် တာဝန်ရှိသူများက နံနက် ၇ နာရီမှစတင်၍ စာရေးတံမဲဖောက်ခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးခဲ့ပြီး အလှူရှင်များက မိမိတို့မဲပေါက်သည့် ရဟန်းသံဃာ၊ သာမဏေများကို မိမိတို့ ရုံးဌာန၊ တပ်နှင့် နေအိမ်များသို့ပင့်ဆောင်၍ နေ့ဆွမ်းဆက်ကပ်ခြင်း၊ လှူဘွယ်ဝတ္တုများကပ်လှူ၍ တရားတော်များ နာကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
စာရေးတံမဲပွဲသို့ နမ့်စန်မြို့နယ်အတွင်းရှိ ကျောင်းတိုက် (၄၃) တိုက်မှ ရဟန်း၊ သာမဏေ စုစုပေါင်း (၆၆၃) ပါးကြွရောက်ခဲ့ကြပြီး ဌာနဆိုင်ရာရုံးများမှ (၉၆) ပါး၊ တပ်မိသားစုများမှ (၅၅) ပါးနှင့် မြို့ပေါ်ရပ်ကွက် (၅) ခုမှ အလှူရှင်များက (၅၁၂) ပါး အသီးသီးပင့်ဆောင် ပူဇော်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)