MSME လုပ်ငန်းများနှင့် အခြားဦးစားပေးကဏ္ဍများ၏ ဒီဂျစ်တယ်စီးပွားရေး အထောက်အကူပြု E Market Platform နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

တောင်ကြီး  စက်တင်ဘာ  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် MSME လုပ်ငန်းများနှင့် အခြားဦးစားပေးကဏ္ဍများ၏ ဒီဂျစ်တယ်စီးပွားရေးအထောက်အကူပြု E Market Platform နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက MSME လုပ်ငန်းများနှင့် အခြားဦးစားပေးကဏ္ဍများ၏ ဒီဂျစ်တယ်စီးပွားရေးအထောက်အကူပြု E Market Platform နှင့်စပ်လျဉ်း၍လည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ နည်းပညာနှင့် ဈေးကွက်မြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအိရွှေစင်ထွန်းက E-Market Place for Myanmar Products Platform ဖြစ်ပေါ်လာပုံနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် Cyber King Co.,ltd ၏ CEO & Founder ဦးမြတ်သူက ERP System နှင့် E Market Place အကြောင်းကိုလည်းကောင်း၊ UAB Bank မှ ဒေါ်ဂျူးဆုရတနာက MSME Loan နှင့် Financial Sector အတွက် ပံ့ပိုးနိုင်မည့် ကိစ္စရပ်များအားလည်းကောင်း၊ AJ Myanmar Group မှ Managing Director ဦးအောင်သိန်းနိုင်က မြန်မာ့ထုတ်ကုန်၊ ထွက်ကုန်များကို တရုတ်နိုင်ငံဈေးကွက်သို့ သွားရောက်နိုင်မည့် အခွင့်အလမ်းများ၊ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေ အခွင့်အလမ်းများနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ရာ ဆွေးနွေးချက်များအပေါ် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)