အဋ္ဌမအကြိမ် မြို့နယ်သံဃာ့၀န်ဆောင် ပဉ္စမအကြိမ် နှစ်ပတ်လည် အစည်းအဝေးနှင့် မြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ချမ်းမြသာစည် စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွက်(၅၀၈)ရှိ သာသနာ(၂၅၀၀) ဗိမာန်တော်အတွင်း၌ အဌမအကြိမ် မြို့နယ် သံဃာ့ဝန်ဆောင် ပဥ္စမအကြိမ် နှစ်ပတ်လည် အစည်းအဝေးနှင့် မြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း ဆက်ကပ်လှုဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၀၉:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရသည်။   

အခမ်းအနားသို့ မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်(၃၅)ပါးနှင့် ဆရာ‌တော်သံဃာတော်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက် ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အခမ်းအနားသို့ တက်ရောက်သည့် သံဃာအရေအတွက် တင်ပြခြင်းနှင့် အခမ်းအနား အောင်မြင်ကြောင်း ကြေညာခဲ့သည်။ ဆက်လက်ပြီး အစည်းအဝေး သဘာပတိအဖြစ် မြို့နယ်သံဃာ့ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အား တင်မြောက်ပြီး‌နောက် မြို့နယ်သြဝါဒါစရိယ ဆရာတော် ညောင်ကန်တိုက်အုပ် အဘိဓဇမဟာရဌဂုရု ဆရာတော်ထံမှ ငါးပါးသီလ ခံယူခြင်းနှင့် ဆရာတော်ကြီးများထံမှ သြဝါဒကထာ ချီးမြှင့်မှုအား နာယူခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်မှ သရဏီယကထာ လျှောက်ထားခြင်း၊ ချမ်းမြသာစည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်(၂) ဦးဇော်ဝင်းမှ သာသနာတော်ဆိုင်ရာများအား လျှောက်ထားခြင်း၊ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များမှ တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့သော သာသနာရေး၊ ပညာရေးနှင့် ဝိနိစ္ဆယရေးရာများကို တင်ပြလျှောက်ထား ခဲ့ကြသည်။

ဆက်လက်ပြီး ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်တို့များမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်၀တ္ထုအစုစုတို့ကို လှူဒါန်းဆက်ကပ်ခဲ့ရာ တိုင်းသံဃာ့နာယက အကျိုးတော်ဆောင် ဆရာတော်မှ လှူဒါန်းမှု အစုစုတို့အား သာဓု အနုမောဒနာ ချီးမြှောက်ရေစက် သွန်းချအမျှပေးဝေခဲ့သည်။ ထို့နောက် အခမ်းအနားအား ဗုဒ္ဓသာနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်စိမ်း၀င်း (ပြန်/ဆက်)