နမ့်စန်(တ) စက်တင်ဘာ ၁၀
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဟိုင်းနားကြီး ကျေးရွာအုပ်စု ၊ တုံမုံကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နယ်မြေခံ ဆေးတပ်ရင်းရှိ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အဆိုပါ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ကျန်းမာရေးစစ်ဆေးပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက တုံမုံကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နယ်မြေခံဆေးတပ်ရင်းရှိ နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ တပ်မတော်သားပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးနေမှုကို လိုက်လံအားပေး ကြည့်ရှုကာ ဆေးရုံတက်ရောက်ရန် လိုအပ်သော ဒေသခံတိုင်းရင်းသားများအား နမ့်စန်မြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းတွင် ဆေးရုံတက်ရောက်ကုသနိုင်ရေး လိုအပ်သည်များ ဆောင်ရွက်ပေးကာ အဟာရ ပြည့်စားသောက်ဖွယ်ရာများ လိုက်လံပေးဝေပြီး ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ဒေသခံများ၏တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့်အတူ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါ ကျေးရွာရှိ နားနှာခေါင်း ရောဂါ ရှိသူ(၂၀)ဦး၊ သွေးတိုး/ဆီးချို ရောဂါရှိသူ(၇၀)ဦး၊ သွားနှင့်ခံတွင်း ရောဂါရှိသူ(၁၅)ဦး၊ အရိုးအကြောရောဂါရှိသူ(၂၀)ဦး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ရှိသူ (၃၀)ဦး၊ ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်ခြင်း(၁၅)ဦးနှင့်အထွေထွေရောဂါ ၁၈၀ ဦးကို ဆေးကုသပေးခဲ့ပြီး စုစုပေါင်း ဒေသခံတိုင်းရင်းသား(၃၈၀)ဦးကို ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)