ကျောက်မဲမြို့တွင် ကိုယ်ဝန်ဆောင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်အတွက် ODK Mobile Application သင်တန်းဖွင့်လှစ်

ကျောက်မဲ အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ကိုယ်ဝန်ဆောင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်၂ နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးပေးသည့် အစီအစဉ်အတွက် ODK Mobile Application သင်တန်းကို အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံး၌  Social Distancing နှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ၂၀၂၀ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ကိုယ်ဝန်ဆောင်သော မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂-နှစ်အောက် ကလေးများအား စာရင်းကောက်ယူနိုင်ရန်  ODK Mobile Application  အသုံးပြုနည်းများကို ရပ်ကျေးစာရေးများအား သင်ကြားပြသပေးခဲ့သည်။ အဆိုပါ သင်တန်းသို့ ကျောက်မဲမြို့နယ်ရှိ ရပ်ကျေးစာရေး  ၉၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ၁ ကြိမ်လျှင် သင်တန်းသား ၇ ဦးနှုန်းဖြင့်  ၁၃   ကြိမ်ခွဲ၍  ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ဘဝကနဦး ပထမရက် ၁၀၀၀ အတွင်း အာဟာရ ပြည့်ဝစွာ စားသုံးခွင့်ရရှိ၍ ကျန်းမာသန်စွမ်းသော လူ့စွမ်းအားအရင်းအမြစ်အဖြစ် ရှင်သန်ကြီးပြင်းနိုင်ရေး အတွက်ရည်ရွယ်၍ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးများကို တစ်လလျှင် ငွေကျပ် တစ်သောင်းခွဲနှုန်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာန ထောက်ပံ့လျက် ရှိကြောင်း၊  ကျောက်မဲမြို့နယ်တွင် စက်တင်ဘာလအထိ စာရင်းအရ ကိုယ်ဝန်ဆောင်မိခင် ၉၅၅ ဦးနှင့် အသက် ၂ နှစ်အောက်ကလေး ၄၃၄ ဦးတို့ကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)