တံတား စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျပန်းစကား ပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သီရိရတနာကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တံတားမြို့အုပ်ချုပ်ရေးမှူးဦးရန်အောင်မျိုးထက်က အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်ကပြိုင်ပွဲကျင်းပရ ခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်သိန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အကဲဖြတ်အမှတ်ပေး အဖွဲ့ခေါင်းဆောင် မြို့စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက ပြိုင်ပွဲ စည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ မူးယစ်ရန်စွယ်တို့ကာကွယ်ခေါင်းစဥ်ဖြင့် ပထမဆုရ ကျောင်းသူ မဟန်နီအောင်အား တံတားမြို့အုပ်ချုပ်ရေးမှူးဦးရန်အောင်မျိုးထက်မှ ဒိုင်းဆုနှင့် ဆုငွေကျပ် (၅၀၀၀၀)ကိုလည်းကောင်း၊ စာပေမြင့်မှလူမျိုးတင့်မည်ခေါင်းစဥ်ဖြင့် ဒုတိယဆုရ ကျောင်းသား မောင်ကျော်ဇောလင်းအား ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်သိန်းမှ ဒိုင်းဆုနှင့်ဆုငွေကျပ် (၃၀၀၀၀)ကိုလည်းကောင်း၊ယနေ့လူငယ်နောင်ဝယ်လူကြီးခေါင်းစဥ်ဖြင့် တတိယဆုရ ကျောင်းသူမဟန်ဆုမေဦးအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်ကဒိုင်းဆုနှင့်ဆုငွေကျပ် (၂၀၀၀၀)ကိုလည်းကောင်း၊ အထူးဆုရရှိသူ ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့်ဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြပြီးတက်ရောက်လာသော ဧည့်ပရိတ်သတ်များအား တံတားမြို့ အ.ထ.ကကျောင်းမှ ကျောင်းသားလေးများက သဘာဝရဲ့ရင်သွေးငယ်၊ မှားတဲ့ဘက်မှာ သီချင်း(၂)ပုဒ်ဖြင့် သီဆို ဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ကျောင်းသားကျောင်းသူများက စိတ်ပါ ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများ ဆက်လက်၍ ပူးပေါင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ (တံတားပြန်ဆက်)