(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ/ပိတ်ပွဲအခမ်းအနားကျင်းပ

တာမွေ စက်တင်ဘာ ၁၀

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင်များက “ တည်တံ့ပါစေတို့အမွေ ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ဆုတံဆိပ်အများဆုံးရရှိသော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အား  ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက တံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများက ဆုရတေးသီချင်းများ သီဆို၍လည်းကောင်း၊ ဆုရအကများဖြင့် ကပြဖျော်ဖြေ၍လည်းကောင်း၊ မြန်မာ့ရိုးရာဆိုင်းဝိုင်းနှင့် အိုးစည်၊ ဒိုးပတ်စသည့်တူရိယာများ တီးခတ်၍ လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်) ပြိုင်ပွဲ များကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့နှင့်(၉)ရက်နေ့များ၌ ရန်ကုန်မြို့ရှိ ရန်ကင်းပညာရေးဒီဂရီကောလိပ်တွင် ဝါသနာရှင်(ပထမတန်းအဆင့်)နှင့် (ဒုတိယတန်းအဆင့်)ဟူ၍ နှစ်ပိုင်းခွဲကာ မဟာဂီတ၊ ခေတ်ဟောင်း/ကာလပေါ်၊ ကွက်စိပ်၊ အမျိုးဂုဏ်/ဇာတိဂုဏ်၊ မင်းသား/မင်းသမီးအက၊ ရုပ်သေးကြိုးဆွဲ အက၊ တေးသီချင်းများရေးသားခြင်း၊ စောင်း/ စန္ဒယား/ ပတ္တလား/ နှဲ/ ပလွေ/ တယော/ ဒုံမင်း/ မယ်ဒလင်/ ဂီတာ တီးမှုတ်ခြင်း၊ ဆိုင်းတစ်ဦးချင်းနှင့် ဆိုင်းဝိုင်းကြီးတီးခတ်ခြင်း၊ အိုးစည်အဖွဲ့လိုက်တီးခတ်ခြင်း၊ ဒိုးပတ်အဖွဲ့လိုက်တီးခတ်ခြင်း စသည်ဖြင့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်တို့မှ ဝါသနာရှင်ပြိုင်ပွဲဝင်ပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆု (၂၃)ဆု၊ ဒုတိယဆု (၂၃)ဆု၊ တတိယဆု(၁၇)ဆု၊ အထူးဆု(၂၁)ဆု စုစုပေါင်း ထူးချွန်ဆု(၈၄)ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကော မပပျောက် စေရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုများအား သားစဉ်မြေးဆက် အမြတ်တနိုး တန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်ပြီး အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)