ညောင်ဦး စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဓမ္မရာဇက စေတီတော်ကြီး၏မြောက်ဘက်ရှိ ကုသဂူဘုရားနှင့်သမုတိဂူဘုရားရှိ ကျောက်စာတစ်ချပ် နှင့်စိတ်ဝင်စားဖွယ်ကောင်းသော ပန်းချီများကိုလေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံကသိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ကုသဂူဘုရားနှင့် သမုတိဂူဘုရားတို့တွင် တစ်ဆူစီတွင် မုခ်လေးမုခ်ပါဝင်ကာ မုခ်တစ်မုခ်တွင် အရွယ်အစား အတော်အသင့်ကြီးသော ဆင်းတုတော်တစ်ဆူစီ ပါရှိပြီး ကုသဂူဘုရားအတွင်းတွင် ကျောက်စာတစ်ချပ်နှင့် စိတ်ဝင်စားဖွယ်အလွန်ကောင်းသော နံရံပန်းချီများ တွေ့ရှိလေ့လာနိုင်မည်ဖြစ်သည်။ ဂူအတွင်းနံရံများတွင် ဗုဒ္ဓပုံကွက်များ၊ ဗုဒ္ဓဆိုင်ရာ ပန်းချီကွက်ကြီးများကျန်ရှိနေကာ အချို့ပန်းချီကွက်ကြီးများတွင် ကမ္ဗည်းစာများနှင့်တွေ့ရှိလေ့လာနိုင်သည်။ ကုသဂူဘုရားတွင် ရှေ့ဆောင်နှင့် အတွင်းဆောင်အကူး အပေါ်ပေါင်းကူးတွင် ရေးဆွဲထားသော ပုံနှင့်ကမ္ဗည်း စာတို့မှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းကြောင်း မြတ်စွာဘုရား ပဋိသန္ဓေယူချိန် ၊ ဖွား ချိန်၊ ဘုရားဖြစ်ချိန်၊ ပရိနိဗ္ဗာန်ပြုချိန်စသော ဂြိုလ်နေကွက်ပုံများကို ပန်းနွယ်တို့အကြား လှပစွာရေးဆွဲထားပြီး ဘေးတစ်ဘက်တစ်ချက်မှလည်း ကောင်းမွန်စွာဖတ်ရှုနိုင်သော ကဗ္ဗည်းစာတို့ရှိနေသေးကာ ပုဂံဂူဘုရားများတွင် အတွေ့ရနည်းသည့်ပန်းချီပုံများဖြစ် ကြောင်းသိရသည်။
ကုသဂူဘုရားအတွင်းတွေ့ရသော ကျောက်စာအရ သက္ကရာဇ် ၆၂၇ ခုနှစ်တွင် သီရိ တြိဘုဝနာဒိတျပဝရဓမ္မရာဇာမည်သော တရားမင်း၏ အရီးစောမိဖုရားသည် သစ်မထီး မည်သော မြေအရပ်၌ အုတ်တံတိုင်းအရန်အတွင်း ဂူ ၊ ပိဋကတ်၊ ဆင်းတု ၊ကျောင်း၊ ရေကန် ၊ ရေတွင်းစသော ကုသိုလ်ကောင်းမှုများပြုခဲ့ကြောင်းဖော်ပြထားသည်။ နရသီဟ ပတေ့မင်း၏ အရီးတော်သော မိဖုရားစောမှာ နရသိင်္ယဥစ္စနာမင်းနှင့် မိဖုရားဖွားစောတို့မှ ဖွားပြီး ဥစ္စနာမင်းကြီး၏ အမဖြစ်ကြောင်း ၊ ဥစ္စနာမင်း၏သားဖြစ်သော နရသီဟပတေ့မင်း၏ အရီးတော်ဖြစ်၍ အရီးစောမိဖုရားဟု ကျောက်စာတွင်လေ့လာဖတ်ရှုနိုင်ကြောင်း ဖော်ပြပါရှိသည်။ ကုသဘုရား၏အနောက်မြောက်ဘက်ရှိ သမုတိဂူဘုရား ရှေ့ဘက် ကျောက်စာဂူအတွင်းရှိသော ကျောက်စာကြီးတွင် သက္ကရာဇ် ၇၆၈ ခုနှစ်က ရေးထိုးထား သော နှံဖဲရွာသူကြီး၏ မှတ်တမ်းတွင် တရုတ်ပြေမင်း နရသီဟပတေ့မင်းကြီး၏ အရီတော်ကျောင်းဟု ပါရှိသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးရောက်ရှိခဲ့ပါက ကုသဂူဘုရားနှင့် သမုတိဂူဘုရားတို့အား ဖူးမြှော်ပြီး ဘုရားအတွင်းပိုင်း နံရံ၊ မျက်နှာကျက်များပေါ်ရေးဆွဲ ထားသည့် နံရံဆေးရေးပန်းချီများ၊ ဘုရားတည်ဆောက်ပုံ ဗိသုကာပညာရပ်များနှင့် ကျောက်စာများကိုလေ့လာနိုင်ကြောင်းသိရသည်။
ဒီပါလင်း