သန်လျင် စက်တာဘာ ၁၀
သန်လျင်ခရိုင်နှင့်တွံတေးခရိုင် ခရိုင်အဆင့်အဆို၊အက၊အရေး၊အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီတွင် သန်လျင်ခရိုင်၊သန်လျင်မြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သိုက်ဝင်းက အဖွင့်အမှာစကားပြောကြားသည်၊ ဆက်လက်၍ သန်လျင်ခရိုင်နှင့်တွံတေးခရိုင် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သိုက်ဝင်း၊ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးနာယက အလင်္ကာကျော်စွာဦးအောင်တင်ဝင်းနှင့် အဆိုအကဲဖြတ်ဒိုင် ဒေါ်ခိုင်ဝါတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ မင်းမင်းထွန်း(သန်လျင်)ရေးသားသော ပေါင်းစုဆင်နွှဲခရိုင်ညီနောင်အောင်ပွဲ အဖွင့်တေးသီချင်းဖြင့်လည်းကောင်း၊ အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) သဘင် ပညာဌာနမှ ရုပ်သေးနည်းပြပညါရှင် ရွှေတံဆိပ်ဆု (၅)ဆုရှင် ဦးအောင်သန်းဝင်းနှင့် ရွှေတံဆိပ်ဆု (၁၉)ဆုရှင် ဒေါ်မေသူဝင်းတို့က ရုပ်သေးအကတို့ဖြင့်လည်းကောင်း၊ အမျိုးဂုဏ်ဇာတိဂုဏ်တေးမှ စိန်မြရံချယ်အောင်ပင်လယ်သီချင်းဖြင့် နိုင်ငံတော်ရွှေတံဆိပ်ဆုရှင် တေးသံရှင် မျိုးမြင့်အောင်တို့ ကလည်းကောင်း၊ အောင်မင်္ဂလာယိုးဒယား မြိုင်ထနှစ်ပါးသွားအကတို့ဖြင့်လည်းကောင်း အသီးသီး သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ဖျော်ဖြေတင်ဆက်ကြသောအဖွဲ့များအား သန်လျင်ခရိုင်နှင့် တွံတေးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဂုဏ်ပြုပန်းခြင်းနှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြိုင်ပွဲများကို အစီအစဥ်အတိုင်း သတ်မှတ်နေရာများ၌ ဆက်လက်ကျင်းပလျက်ရှိကြောင်းသိရသည်။
ခရိုင် (ပြန်ဆက်)