မြစ်ကြီးနား စက်တင်ဘာ ၁၀
နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်တွင်းထုတ်ကုန် အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ရရှိစေရန်၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး လမ်းညွှန်ချက်များအပေါ် ကချင်ပြည်နယ်အနေဖြင့် အစီအစဉ်များရေးဆွဲ တင်ပြဆောင်ရွက်လျက်ရှိ သည်။ အဆိုပါ ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်တွင် ရိုးရာ ရက်ကန်းလုပ်ငန်းများ အပါအဝင် ဒေသထွက်သီးနှံများနှင့် ဆန်ခေါက်ဆွဲ စသည့်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးရေးအတွက် Action Plan များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်၏ ဒေသတစ်ခု ထုတ်ကုန်တစ်ခုတွင် ကချင်ရိုးရာ အထည်ရက်လုပ်ခြင်း လုပ်ငန်းသည်လည်း အပါဝင်ဖြစ်သည်။ ကချင် ပြည်နယ်အတွင်းရှိ ရက်ကန်းလုပ်ငန်းများအနေဖြင့် စက်မှုမှတ် ပုံတင်ထားသောလုပ်ငန်း (၃၆)ခုရှိပြီး၊ ရက်ကန်းစင် အရေအတွက် ၂၁၉ စင်ရှိကြောင်းလည်း သိရသည်။
ကချင်ပြည်နယ်မှ ထွက်ရှိသော ကချင်ပုဆိုး၊ ကချင်လုံချည်၊ ဂျပ်ခုတ်အပွင့်ဖောက်များသည် နိုင်ငံတဝှမ်း လူကြိုက်များ ရေပန်းစားသော အဝတ်အထည်များတွင် ပါဝင်သည်။ ကချင်ရိုးရာ အဆင်များအနေဖြင့် အမျိုးသား၊ အမျိုးသမီးတိုင်းကြိုက်နှစ်သက်ကာ ရာသီမရွေးဝတ်ဆင်နိုင်သည့် ချည်ထည် အမျိုးအစားများ ဖြစ်ကြောင်းလည်းတွေ့ရသည်။
အဆိုပါ ကချင်ရိုးရာအထည် ရက်လုပ်သည့် လုပ်ငန်းများတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ အမှတ်(၄)နယ်မြေသည်လည်း ရိုးရာ ရက်ကန်းထည်များ ထုတ်လုပ် နေသောနေရာ တစ်ခု အပါအဝင် ဖြစ်သည်။ တစ်ပိုင်တစ်နိုင်မှ သည် ရက်ကန်း စင်ပေါင်း များစွာဖြင့်လုပ်ကိုင်နေကြ သော နေရာဖြစ်သည်နှင့်အညီ ရက်ကန်းခတ်သံများ ဖြင့် ပြည်နယ်၏ အလှကို ဖော်ဆောင်လျက်ရှိ သည်။
ကချင်ပြည်နယ်အတွင်းရှိ SME အသင်းဝင် ဦးထွန်းထွန်းနိုင် ဂျိန်းဖော့သူ စက်ရက်ကန်း လုပ်ငန်းမှ ထုတ်လုပ်မှုများဖြစ်သော အထည်များထုတ်လုပ်မှု လုပ်ငန်းနှင့်ပတ်သက်၍ သွားရောက် တွေ့ဆုံ မေးမြန်းလေ့လာခဲ့မှုအား တင်ပြလိုပါသည်။ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်း စက်ရက်ကန်း လက်ရက်ကန်းများဖြင့် ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နေသာ ကချင်ဒေသထွက် အထည်များ ထုတ်လုပ်ရာ ဂျိန်းဖော့သူ စက်ရက်ကန်း၊ လက်ရက်ကန်း လုပ်ငန်းလုပ်ကိုင်သူ ဦးထွန်းထွန်းနိုင် သည် လွန်ခဲ့သော (၁၅)နှစ်ခန့်မှ ရွှေဘိုမြို့ ဆိပ်ခွန်ရွာမှ မြစ်ကြီးနားသို့ ပြောင်းရွှေ့ အခြေချလုပ်ကိုင်ခဲ့ ကြောင်းနှင့် လက်ရှိအခြေအနေတွင် စက်ရက်ကန်းစင်(၁၀၀)စင်၊ လက်ရက် ကန်းစင် (၅၀) စင် တပ်ဆင်ထားပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အထည်များထုတ်လုပ်မှုလုပ်ငန်းတွင် လိုအပ်သော ကုန်ကြမ်းများဖြစ်သည့် ချည်များ၊ ဆေးများကို မန္တလေးမှတစ်ဆင့် မှာယူရကြောင်း၊ ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို ကုန်ကြမ်းမှ ကုန်ချောဖြစ်အောင် ထုတ်လုပ်ခြင်းအားလုံးကို မြစ်ကြီးနားမြို့တွင်သာ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရ သည်။ ထူးခြားမှုအနေဖြင့် ချည်ထည်များကို လိုအပ်သော ဆေးအရောင်ဆိုးရာတွင် မြစ်ကြီးနားမြို့မှ ထွက်ရှိသည့် အသုံပြုနေသည့်ရေမှာ အထည်များ၏ အရည်အသွေးကို မြှင့်တင်ရာတွင်များစွာ အထောက်ကူပြုကြောင်း လုပ်ငန်းရှင်မှ ပြောပြချက်အရသိရသည်။
၎င်းလုပ်ငန်းတွင် ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရာ၌ ရက်ကန်းလုပ်သားရှားပါးမှုသည် အဓိကဖြစ်ပြီး၊ လက်ရက်ကန်းအတွက် လျှပ်စစ်မီး မလိုအပ်သော်လည်း စက်ရက်ကန်းအတွက် လျှပ်စစ်မီးသည် အဓိကကျသဖြင့် စက်သုံးဆီနှင့် လုပ်ငန်းလည်ပတ်ချိန်၌ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက် မှုကြုံတွေ့ရကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် သုံးစွဲသူ ပြည်သူများ၏ ဝယ်လိုအားကိုရယူ၍ ဆောင်ရွက်ရသော လုပ်ငန်းဖြစ်သည်နှင့်အညီ ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချနိုင်မှသာ မိမိတို့ ကုန်ပစ္စည်းများ ဈေးကွက်တွင် ရောင်းပန်းလှ နိုင်ပြီး ပိုမို တိုးတက်နိုင်ကြောင်းလည်း ၎င်းက ဆက်လက်ဆွေးနွေးပြောကြားသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ကာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူ ဖြစ်သည့်အတွက် ရက်ကန်းလုပ်ငန်းသည်လည်း ဒေသခံပြည်သူများ၏ အလုပ်အကိုင် တိုးပွားရရှိစေပြီး လူမှုစီးပွားဘဝကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးလျက်ရှိသည်။
အဆိုပါ အထည်ထုတ်လုပ်မှု လုပ်ငန်းတွင် ကချင်ပုဆိုး၊ ကချင်လုံခြည်၊ ဂျပ်ခုတ်အပွင့်ဖောက်များကို အများဆုံးထုတ်လုပ်ပြီး ချည်အသုံးပြုမှုအနေဖြင့် (၂×၈၀)တိုင်၊ (၂×၁၀၀)ဖောက် ချည်ချောများဖြင့် အများဆုံးရက်လုပ်ကြောင်း၊ ထိုကဲ့သို့ ချည်ထည်များ ထုတ်လုပ်ရာတွင် မှာယူသည့် အရေအတွက် များကို စိတ်တိုင်းကျ ထုတ်လုပ်ပေးလျက်ရှိကြောင်းလည်း သိရသည်။ ထိုရက်ကန်းလုပ်ငန်းမှ လုပ်သားများ၏ လစဉ်ဝင်ငွေသည် အနိမ့်ဆုံးငွေကျပ် နှစ်သိန်းမှ အမြင့်ဆုံး ငွေကျပ် လေးသိန်းအထိ ရရှိကြောင်း၊ စက်ရုံအနေဖြင့် တစ်နှစ်လျှင် ချည်ထည်ကွင်း အရေအတွက် (၁၆၂၀၀၀)အထိ ထုတ်လုပ်နိုင်ကြောင်းလည်း သိရသည်။ လုပ်ငန်းလည်ပတ်မှုအတွက်တနှစ်လျှင် လုပ်သား ဦးရေ(၂၁၆၀၀)ဦးကျော်အထိ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ကြောင်းလည်း သိရသည်။
ထို့အပြင် အထည်ထုတ်လုပ်မှု လုပ်ငန်းတည်ရှိရာ အနီးပတ်ဝန်းကျင်မှ ဒေသခံပြည်သူများ အား ချည်ချခြင်း၊ ရက်ဖောက်လုပ်ငန်းလုပ်ကိုင်ခြင်း၊ ရဟတ်လုံးများဆောင်ရွက်ခြင်းတို့ကို ပုတ်ပြတ်စနစ် လုပ်ကိုင်ခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် အပိုဝင်ငွေရအောင် ဖန်တီးပေးနိုင် မှုကိုလည်း သိရသည်။
ဒေသတွင်း ကျွမ်းကျင်လုပ်သားများ လိုအပ်ချက်ပြည့်မီအောင် လေ့ကျင့်ပျိုးထောင်ခြင်းနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရက်ကန်းပညာကို သင်ယူလိုသူများအတွက် သင်ကြား ပေးလျက်ရှိပြီး၊ ကျွမ်းကျင်တတ်မြောက်ပါက မိမိလုပ်ငန်းတွင်သာမက အခြားလုပ်ငန်း များတွင်ပါ လုပ်ကိုင်နိုင်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်မည့်သူများ ကို ဈေးကွက်တွင် သုံးစွဲသူ နှစ်သက်မည့် ကုန်ပစ္စည်းများထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ပေးလျက်ရှိခြင်း၊ လုပ်ငန်းတူ အချင်းချင်းလုပ်ငန်းများ ပိုမိုတိုးတက် အောင် မြင်အောင် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်း၊ ဒေသဖွံ့ဖြိုးရေး ပါဝင် ဆောင်ရွက်ခြင်း တို့ကြောင့် ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် လုပ်ငန်းဖြစ်၍ များစွာဂုဏ်ယူမိပါကြောင်း ဂျိန်းဖော့သူ အထည်ထုတ်လုပ်မှု လုပ်ငန်းပိုင်ရှင်ဖြစ်သူ ဦးထွန်းထွန်းနိုင်က ဆက်လက်ပြောသည်။
ရိုးရာရက်ကန်းလုပ်ငန်းများတွင် ဒေသနေလုပ်သားများအပြင် အခြားဒေသများမှ ရက်ကန်း လုပ်သားများလည်း မိသားစုလိုက် လာရောက်လုပ်ကိုင်နေသည့်အတွက် အလုပ်အကိုင်အခွင့် အလမ်းများလည်းရရှိစေလျက်ရှိသည်။ထို့အတွက် ရိုးရာရက်ကန်းလုပ်ငန်းများ အရည် အသွေး မြင့်မားသည့် အထည်များထုတ်လုပ်နိုင်ရန် နည်းပညာသင်တန်းများ ပေးခြင်း၊ ကုန်ကြမ်းများကို အစုအဖွဲ့ဖြင့် တင်သွင်းနိုင်ရေး၊ နည်းပညာများ၊ စက်ပစ္စည်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် ချိတ်ဆက်ပေးခြင်း၊ လုပ်ငန်းတူအချင်းချင်း ဒေသအသီးသီးတွင် လေ့လာရေးများ သွားရောက်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ပါက ပြည်ပဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်မည်ဖြစ်သည့် အတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများကလည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို ရေးသားတင်ပြလိုက်ရပါသည်။
ဖြိုးလေး၊ ငုရွှေဝါ