မုဒုံမြို့နယ်တွင် ဆဋ္ဌမအကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကျင်းပ

မုဒုံ     စက်တင်ဘာ     ၁၀

 မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဆဋ္ဌမအကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့မ(၄) ရပ်ကွက်ရှိ ဂျုံးဂျုံးဂျတောရကျောင်းစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ ဆရာတော်ကြီးများ၊ မုဒုံမြို့တပ်နယ်မှူး ဒုတိယ ဗိုလ်မှူးကြီး မိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ မွန်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ၊ မြို့နယ်ဥက္ကဋ္ဌနှင့်ကရင် တိုင်းရင်းသား/ သူများတက်ရောက်သည်။

အခမ်းအနားတွင် တက်ရောက်လာသူများမှ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ခဲ့ပြီး ဂျုံးဂျုံးဂျတောရကျောင်းတိုက် ဆရာတော် ဉူးကိတ္တိဝဏ္ဏထံမှ ငါးပါး သီလခံယူကာ ဆရာတော်များမှ မေတ္တာသုတ်ရွတ်ဖက်ပူဇော်ပေးခဲ့သည်။ ထို့နောက် ပင့်သံဃာ(၁၂)ပါးတို့ အား တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး မင်းကျောင်းဆရာတော် ဉူးစန္ဒာလင်္ကာမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ဆက်လက်၍ မွန်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစောအောင်ကျော်သိန်းမှ ကရင် တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်စွာနေထိုင်ပြီး ချစ်ချစ်ခင်ခင်နေထိုင်သွားကြရန်၊ ကရင်ရိုးရာချည်ဖြူဖွဲ့ ပြုလုပ်ရခြင်းသည် ကွဲကွာနေသော ဆွေမျိုးများ ပြန်လည် တွေ့ဆုံနိုင်စေရန်၊ မိသားစုအချင်းချင်း ပြန်လည်စုစည်းကြစေရန်၊ ကရင်အမျိုးသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရန်၊ မျိုးဆက်သစ်လူငယ်များအား လူကြီးများမှ သွန်သင်ဆုံးမစကား ပြောကြားနိုင်ရန်၊ ရိုးရာယဉ်ကျေးမှုဖြစ်သည့် စကား၊ စာပေ၊ အနုပညာ၊ ဝတ်စား ဆင်ယင်မှုနှင့် ရိုးရာဓလေ့များ မပျောက်ကွယ်စေရန် ပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့ပြီး ကရင်တိုင်းရင်းသားများကိုယ်စား ဦးမြင့်ဆွေမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက် ဆရာတော်ကြီးများမှ တက်ရောက် လာသည့် ဧည့်သည်တော်များအား ချည်ဖြူဖွဲ့ပေးခြင်း၊ ကရင်မျိုးဆက်မောင်မယ်များမှ စည်းလုံးညီညာ သီချင်းဖြင့် သီဆိုကပြဖျော်ဖြေပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)