အခြေခံပညာအထက်တန်းကျောင်း(ဝမ်ကန်)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

မိုင်းရှူး  စက်တင်ဘာ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဝမ်ကန်)တွင် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မိုင်းရှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်လင်းက မူးယစ်ဆေးဝါးသမိုင်းအကြောင်း၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများပပျောက်ရေး ဆောင်ရွက်ရမည့် ရည်မှန်းချက်တာဝန်များ၊ ချမှတ်ထားသည့် မဟာဗျူဟာများနှင့် အဓိကဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ မူးယစ်ဆေးဝါးများနှင့်ပတ်သက်သည့် ထိန်းချုပ်ဓာတုပစ္စည်းနှင့် ဆေးဝါးများ၊ ဆိုးကျိုးအန္တရာယ်များ၊ ဥပဒေ၊ပြစ်မှု၊ပြစ်ဒဏ်များအား မှတ်တမ်းဓါတ်ပုံများနှင့်အတူ Power Pointဖြင့် ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ကျောင်းအုပ်ဆရာကြီး ဦးမြင့်စိုးဦးနှင့် ဆရာ၊ ဆရာမများ၊ Grade-7 မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့် မူးယစ်‌ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများ စုစုပေါင်း(၂၀၀)ဦး တက်ရာက်ခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)