ဟိုပုံးမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ် မိတ်ဆက်ခြင်းနှင့် ODK ဖြင့်အကျိုးခံစားသူ စာရင်းသွင်းခြင်းသင်တန်း ဒုတိယအကြိမ်ဖွင့်လှစ်

ဟိုပုံး အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့နယ်တွင် ကိုယ်ဝန် ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်မိတ်ဆက်ခြင်းနှင့် ODK အကျိုးခံစားသူ စာရင်းသွင်းခြင်း သင်တန်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန် က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းဌေးရီ က သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ODK Application အသုံးပြုသည့် နည်းလမ်းများ၊ အကျိုးခံစားသူစာရင်း သွင်းခြင်း၊ စာရင်းထုတ်ပယ်ခြင်း လမ်းညွှန်ချက်များကို လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းဌေးရီနှင့် ဝန်ထမ်းများက ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များ အား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် မိတ်ဆက်ခြင်းနှင့် အဆိုပါအစီအစဉ်တွင် အသုံးဝင်သည့် အကျိုးခံစားသူများ စာရင်းကောက်ယူရာတွင် မှန်ကန် မြန်ဆန်စေရေးအတွက် ODK (Mobile Application) အသုံးပြုနည်းများကို ဟိုပုံးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ စာရေးဝန်ထမ်း (၂၈)ဦးတို့ တက်ရောက်ပြီး အောက်တိုဘာ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ အဖွဲ့(၃)ဖွဲ့ခွဲကာ ကိုဗစ်-၁၉ ကာလတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)