မြစ်ကြီးနား စက်တင်ဘာ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ကုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးဝါးကုသမှု ခံယူနေသော လူနာများအား တွေ့ဆုံအားပေးခဲ့သည်။
ထိုသို့တွေ့ဆုံအားပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့နှင့် အတူ ပြည်သူ့ဆေးရုံကြီး အတွင်း လူနာအဖြစ် ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံအားပေးကာ လူနာများနှင့် လူနာမိသားစုများအတွက် ထောက်ပံ့ငွေ၊ အာဟာရဖြစ် စားသောက်ဖွယ်ရာများကို လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဆေးရုံအတွက် ဆေးပဒေသာပင်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု (၁၂)မျိုးမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း/ အဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပသည်။
ယင်းသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများအားလုံးအတွက် တိုင်းပြည်သာယာဝပြောရေး၊ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနှင့် လွတ်လပ်ပြီး တရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ မဲစာရင်းမှန်ကန်ရေးနှင့် နိုင်ငံတော် အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်တွင် မိမိတို့ တိုင်းရင်းသား အားလုံးပါဝင်ကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊ သို့မှသာ နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းရင်းသားမျိုးနွယ်စု လူဦးရေစာရင်းအမှန်ကို သိရှိပြီး လိုအပ်ချက်များကို အပြည့်အဝဖြည့် ဆည်းပံ့ပိုးကူညီပေးနိုင်ဖြစ်ကြောင်း၊ ထို့အပြင် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုမိုးရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင်လည်း မိမိတို့ တစ်ဦးချင်းစီက ပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုင်းရင်းသားအခွင့်အရေးဆိုင်ရာကိစ္စရပ်များအပေါ် ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်းပြောကြားပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဝန်ကြီးဌာန ၏ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် တိုင်းရင်းသား မျိုးနွယ်စုအလိုက် လိုအပ်ချက် များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က တက်ရောက်လာကြသည့် ကချင် မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု(၅)မျိုးနှင့် ဗမာတိုင်းရင်းသားမျိုးနွယ်စုတို့မှ စာပေနှင့် ယဉ်ကျေးမှု အသင်း/အဖွဲ့များနှင့် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း၊ ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စု များစာပေနှင့် ယဉ်ကျေးမှုများအသင်းတို့အတွက် ထောက်ပံ့ငွေကျပ် ၂၈ သိန်းနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကိုယ်စား မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌက ကျေးဇူးတင် စကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က တိုင်းရင်းသားမျိုးနွယ်စုများအလိုက် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ဒေသတွင်း အသေးစား၊ အလတ်စားနှင့် အငယ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ယနေ့ နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို အဓိကထား အားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများတိုးတက်မြင့်မား လာစေရေး၊ လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးမြင့်မားသည့် ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင် ရေးတို့အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်ချက်များကို ပံ့ပိုးကူညီပေးလျက်ရှိသည့်အပြင် လုပ်ငန်းရှင်များအနေဖြင့်လည်း လိုအပ်သည် နည်းပညာ၊ စက်ပစ္စည်း အကူအညီများရရှိရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရေး၊ အထူးသဖြင့် ပြည်နယ်အတွင်းရှိ ရက်ကန်းလုပ်ငန်းများ၏ လိုအပ်ချက်များအပေါ် ဒေသထုတ်ကုန်တစ်ခု အဖြစ် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရေး၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု(OROP) အစီအစဉ်ဖြင့် ထုတ်ကုန်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက် ချမှတ်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများတွင် အားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးမွေးမြူရေးတောင်သူများက လုပ်ငန်း များအတွက် ချေးငွေရရှိရေး၊ အရည်အသွေးမြှင့် ထုတ်ကုန်များအဖြစ် ပြည်ပတင်ပို့ရာတွင် လိုအပ်သည့်နည်းပညာအကူအညီများ ပေးနိုင်ရေး၊ စိုက်ပျိုး ရေးထုတ်ကုန်များ ဈေးကွက်ဖော်ဆောင်ပေးရေး၊ လျှပ်စစ်မီးအလုံအလောက်ရရှိရေး၊ လုပ်ငန်းကဏ္ဍအလိုက် လိုအပ်ချက်၊ အခက်အခဲ များ၊ ပူးပေါင်းချိတ်စေပေးလိုသည့် ကိစ္စရပ်များကို တင်ပြကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကဏ္ဍအလိုက် လိုက်နာဆောင်ရွက် သွားရမည့် လုပ်ထုံးလုပ်နည်းများ၊ ပံ့ပိုးကူညီပေးနိုင်သည့်ကိစ္စရပ်များကို ပြန်လည်ရှင်းလင်းတင်ပြ သည်။
တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ဒေသထွက် ကုန်ကြမ်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဌာနဆိုင်ရာများ၊ ဒေသခံစီးပွားရေးလုပ်ငန်းများရှင်များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နေမှု၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေများဖြင့် ပံ့ပိုးကူညီဆောင် ရွက်ပေးနေမှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က လိုအပ်ချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်