နမ့်စန်(တ) စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက နမ့်စန်ကျေးရွာအုပ်စု၊ ထင်းရှူးမြိုင်ကျေးရွာရှိ ဝမ်ပုံဆည်တွင် ဆောင်ရွက်ခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၊ နမ့်စန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဌာနေပြည်သူ့စစ်အဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန် ရှိသူများက ငါးမျိုးစိုက်ထည့်မည့် ငါးမျိုးစိတ်များကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဟိုမိန်းဌာနေ ပြည်သူ့စစ်အဖွဲ့ဥက္ကဋ္ဌ ဦးမဟာဂျနှင့် ဒေသခံပြည်သူများက လက်ခံရယူခဲ့သည်။
ထို့နောက် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန် တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တက်ရောက် လာကြသူများက စုပေါင်း၍ ငါးမြစ်ခြင်း၊ မြက်စားငါး၊ ရွှေဝါငါးကြင်း၊ ငါးကြင်းဖြူ၊ ငါးခုံးမ၊ မျက်ဆံနီငါးကြင်း၊ ငါးဖိန်း၊ ငွေရောင် ငါးကြင်းနှင့် ငါးတိုင်းခေါင်းပွ စုစုပေါင်း ငါးမျိုးစိတ်အကောင်ရေ ၁၈၀၀၀၀ ကျော်ကို ဝမ်ပုံ ဆည်အတွင်း သို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများနှင့် အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)