မလှိုင်မြို့ပေါ်တွင် ရောင်းချလျက်ရှိသည့် ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား သွားရောက်စစ်ဆေး

မလှိုင် စက်တင်ဘာ ၁၀

မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၏ လမ်းညွှန်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေးသည် မြို့နယ်ဆရာဝန်ကြီး Dr သန့်ဇင်လတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် မြို့ပေါ် (၄)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ အား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က မြို့ပေါ်(၄)ရပ်ကွက်တွင် ရောင်းချလျက်ရှိသည့် ဆေးဆိုင်များအနက် ငွေတိုက်စိုး၊  သစ္စာ(၂)၊ စိုးစံ၊ မိဘမေတ္တာ စသည့်ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အဆိုပါ ဆေးဆိုင်များတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့တို့၏ ခွင့်ပြုချက်လိုင်စင်ဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ တားမြစ်ထားသည့် ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ ရက်လွန်ဆေးနှင့် ဆေးပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုအပြင် ဆေးဆိုင်ရောင်းချသူများနှင့် တွေ့ဆုံ၍ တားမြစ်ဆေးဝါးများ၊ ရက်လွန် ဆေးဝါးများ၊ ခွင့်ပြချက်လိုင်စင် မရှိဘဲ ရောင်းချခြင်း မပြုလုပ်ရန် အသိပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)