နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးခရိုင်အတွင်း  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတတက်စေရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်စေရေး ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ  ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် တွေဆုံပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက်နေ့ ညနေပိုင်းတွင် လယ်ဝေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဆန်စက်နှင့် ဆီစက်လုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ ပရဟိတအသင်းများ၊ ရပ်ကွက် / ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးများ တတ်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော် အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်ကာ စီးပွားရေး ၊ လူမှုရေးများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်များတိုးတက်စေရန် အဘက်ဘက်က လမ်းညွှန်ကူညီ အားပေးခဲ့ပါကြောင်း၊ မိမိတို့၏ ထွက်ကုန်များတိုးတက်လာ သည်နှင့်အမျှ ထုတ်ကုန်များအရည်အသွေးမြင့်မားအောင် တန်ဖိုးမြင့် ထုတ်ကုန်များထုတ်လုပ်၍ ဝင်ငွေတိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထုတ်ကုန်များရောင်းချရာတွင် သက်ဆိုင်ရာအသင်း အဖွဲ့များ၊ MSME လုပ်ငန်းရှင်များ နှင့် ပေါင်းစပ်လက်တွဲ ဆောင်ရွက်ကြရာမှာ ဖြစ်ကြောင်း၊ ပြည်ပပို့ကုန် အဆင့်တိုးတက် လာပါက ကုန်သည်/ စက်မှုအသင်းချုပ်များဖြင့် ဆက်သွယ်ဆောင်ရွက် ရောင်းချခြင်းဖြင့် ဝင်ငွေစီးပွား တိုးတက်ကြမှာဖြစ်ကြောင်း၊ သို့မှသာ တစ်ဦးချင်းဝင်ငွေတိုးတက်၍ မိသားစုဝင်ငွေနှင့် ပြည်သူများ ဝင်ငွေတိုးတက်ကာ နိုင်ငံ့စီးပွားရေးလည်း တိုးတက်လာမှာဖြစ်ကြောင်း၊ ထွက်ကုန်များတိုးတက်အောင် ဆောင်ရွက်နေစဉ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကိုလည်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဝိသမစီးပွားရေး သမားများ ပစ္စည်းသိုလှောင် ဈေးကစားခြင်းများကြောင့် ကုန်ဈေးနှုန်းများ ကြီးမြင့်နေသည်ကို တွေ့ရှိရ ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူများ၊ ပွဲရုံများ၊ ကုန်စည်ဒိုင်များ၊ စတိုးဆိုင်များ၊ MSME လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှလည်း ဝိုင်ဝန်းကူညီဆောင်ရွက်ကြ စေလိုကြောင်း၊ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့် ဆီ ဈေးနှုန်းမြင့်တက်မှုကို တတ်နိုင်သမျှ တည်ငြိမ်အောင် ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ အဓိက အခြေခံစားသောက်ကုန် ဖြစ်သည့် ဆန်၊  ဆီနှင့်   အခြားကုန်ပစ္စည်းဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် အကျိုးရှိသည့် နည်းလမ်းများကို ဖော်ထုတ်ပြီး သက်ဆိုင်ရာကော်မတီများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများနှင့် လုပ်ငန်းရှင်များအားလုံးက ပူးပေါင်းပြီး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဒက္ခိဏသီရိမြို့နယ်MSME အသင်းဥက္ကဋ္ဌ၊ Super Market လုပ်ငန်းရှင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များက  ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများကို ဆန်နှင့်ဆီ ရောင်းချပေးမည့်အခြေအနေများကို ဆွေးနွေးတင်ပြရာ   နေပြည်တော် ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက ဆွေးနွေးတင်ပြများချက်များနှင့်စပ်လျဉ်း၍ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်  မိတ်ဖက်အဖွဲ့အစည်းတို့က ကူညီဆောင်ရွက်ပေးရန်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲ ပြုလုပ်မှုနှင့်ပတ်သက်၍ ဆီကုန်သည်ကြီးများထံမှ ခွဲတန်းရရှိသော ဆီပိသာ ၈၈၀၀ မှ ပိဿာ ၁၂၁၀ ပိဿာကို ရောင်းချပြီးဖြစ်၍  ကျန်ရှိနေသည့် ဆီပိဿာ ၇၅၉၀ နှင့် လယ်ဝေးမြို့နယ်ဆန်လုပ်ငန်ရှင်များအသင်းမှ ၂၄ ပြည်အိတ် ဆန်အိတ် ၁၀၀၀ ကိုလည်းကောင်း၊ လယ်ဝေးမြို့နယ် MSME အသင်းမှ ဆန်၂၄ ပြည်အိတ် အိတ် ၁၀၀ ကိုလည်းကောင်း ပြည်သူလူထု ထံသို့ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)