ပျဉ်းမနား အောက်တိုဘာ ၁၆
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးနိုင်ရန်အတွက် ပျဉ်းမနား မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် သတ်မှတ်လျာထားသည့် မဲရုံပြုလုပ်မည့် နေရာများကို ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်း က ကွင်းဆင်းကြည့်ရှု စစ်ဆေး ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ပျဉ်းမနား မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိ သူများနှင့်တွေ့ဆုံကာ မဲရုံ ပြုလုပ်မည့်နေရာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားကြရန်အတွက် နေရာအကျယ်အဝန်း၊ မဲရုံ တစ်ခုခြင်းအလိုက် ဆန္ဒမဲလာပေးမည့် လူဦးရေနှင့် မဲရုံပြုလုပ်မည့် နေရာကိုက်ညီမှုရှိ၊ မရှိနှင့် ဆန္ဒမဲလာပေးမည့် လူဦးရေနှင့် မဲရုံပြုလုပ်မည်နေရာ အကျယ်အဝန်း ကိုက်ညီမှုမရှိသော မဲရုံနေရာများကို ကျယ်ဝန်းသောနေရာများ ဖြင့် ပြောင်းလဲပြုလုပ်သွားရန် မှာကြားသည်။
ပျဉ်းမနားမြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၉)အုပ်စု၊ ကျေးရွာ (၁၄၀)ရွာတွင် မဲရုံပေါင်း (၁၀၁)ရုံရှိပြီး၊ မဲဆန္ဒရှင်(၁၃၂၄၅၇)ဦးရှိကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)