ပြည်ကြီးတံခွန် စက်တင်ဘာ ၁၀
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတစ်ရပ်အဖြစ် စာငှားဝန်ဆောင်မှုများကို စာကြည့်တိုက်တွင် ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီက ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၂၇)သို့ ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပိတ်ရက်များတွင် စာပေဖတ်ရှုခြင်းဖြင့် စိတ်အပန်းဖြေနိုင်စေ ရန်၊ အားလပ်ချိန်တွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ သိရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရွေ့လျားမော်တော်ယာဉ်ကို အသုံးပြု၍ စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ အောင်သက်ဆွေက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)