မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း(မန္တလေး) က ပညာ့မိခင်အစီအစဉ်ဖြင့် ကျောင်းသူ(၁၂၀)ဦးအား ပညာသင်ထောက်ပံ့ပစ္စည်းများထောက်ပံ့

မန္တလေး    စက်တင်ဘာ ၁၀

မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း(မန္တလေး) က (၂၀၂၃-၂ဝ၂၄) ပညာသင်နှစ် ပညာ့မိခင်အစီအစဉ်ဖြင့် ပညာသင်ထောက်ပံ့ပစ္စည်းများဖြင့် ကျောင်းသူလေးများအား ကျောင်းအပ်နှံခြင်း အခမ်းအနားကို စက်တင်ဘာလ ၇ ရက်နေ့၊ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀× လမ်း ၆၀ ထောင့်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အသီးသီးမှ ပညာရေးဝန်ထမ်းများ ဆရာ၊ဆရာမများ၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း(မန္တလေး) မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အသင်းဝင်များ၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း(မန္တလေး) ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းဆွေက အဖွင့်အမှာစကားပြောကြားပြီး အကြံပေး ဒေါ်သန္တာဘုန်းဝင်းက ပညာ့မိခင်ထောက်ပံ့ခြင်းအစီအစဥ်အကြောင်းကို ရှင်းလင်းတင်ပြကာ တွဲဘက်ဘဏ္ဍာရေးမှူး ဒေါ်ထူးထူးဆက် က (၂၀၂၃-၂၀၂၄)ပညာသင်နှစ်တွင် ပညာ့မိခင်အစီအစဉ်ဖြင့် ပညာသင်ထောက်ပံ့ပစ္စည်းများနှင့် လှူဒါန်းသော အလှူရှင်များစာရင်းအား ဖတ်ကြားသည်။

ထို့နောက် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း(မန္တလေး) ဥက္ကဋ္ဌနှင့် အသင်းဝင်များက ချမ်းအေးသာစံမြို့နယ်၊မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှ မူလတန်းကျောင်းသူ (၃၀)ဦးစီ ၊ စုစုပေါင်းကျောင်းသူ ၁၂၀ ဦး ကို တစ်ဦးလျှင် ငွေကျပ် ငါးသောင်းတန်ဖိုးရှိ ကျောင်းဝတ်စုံ ၂ စုံ၊ ကျောပိုးအိတ်၊ မိုးကာ၊ ထမင်းချိုင့်၊ စာအုပ် ၁ ဒါဇင်၊ ခဲတံ(၅)ချောင်းနှင့် ဦးထုပ်တစ်လုံးစီ တို့ကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာညိုညိုတင်က ကျောင်းသူလေးများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)