စစ်တွေ စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့သန့်ရှင်း သာယာလှပရေးအတွက် စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားလှည့်လည်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည် ကြည့်ရှုပြီး ပြည်သူ့ဆေးရုံကြီး၊ တိုးချဲ့လေးထပ်ဆောင်နှင့် ဆေးကုဆောင်များတွင် ကျန်းမာရေးဝန်ထမ်း၊ သူနာပြုများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်း သား၊ သင်တန်းသူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြသည်။
စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ဆေးရုံကြီးဝန်းအတွင်း စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊ ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်ကြသည်။ ထို့ပြင် ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်းရေးဆောင်ရွက်ခြင်းနှင့် ဆေးရုံကြီးအနီး ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ကြသည်။ ထို့ပြင် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကလည်း စွန့်ပစ်အမှိုက်များ ကို သိမ်းဆည်းပြီး အမှိုက်သိမ်း ကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။
အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံ များနှင့် ကျန်းမာရေးဌာနများတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)