ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဦးဇော်မျိုးထွဋ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူက လူငယ်၊ လူရွယ်များအနေဖြင့် နှုတ်မှုရေးရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ကောင်းသော ယှဥ်ပြိုင် မှုမှတစ်ဆင့် မိမိ၏ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိအောင် ကြိုးပမ်းအားထုတ်တတ်စေရန်၊ အသိပညာ ဗဟုသုတ များကို စဥ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်နှင့် အနာဂတ်တွင် နိုင်ငံတာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သော လူငယ်များ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူ၊ အ.ထ.က(ခွဲ) သရက်ပင်ချောင်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မမ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးချစ်မုန်းငြိမ်းတို့က အမှတ်ပေးဒိုင်များအဖြစ် လည်းကောင်း၊ မြို့နယ်သတင်းစာ ဆရာအသင်းအဖွဲ့ဝင် ဦးသန်းဇော်က ဒိုင်ချုပ်အဖြစ်လည်းကောင်း ပါဝင်ခဲ့ပြီး အခြေခံပညာ အထက်တန်း ကျောင်း (၅)ကျောင်းမှ ကျောင်းသား/သူ(၁၀)ဦးတို့က ပညာရဲရင့် ပွဲလယ်တင့်၊ အားကစား ဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်စို့၊ အစဥ်ရှေးရှုမြန်မ့ာ ယဥ်ကျေးမှု၊ မူးယစ်ရန်စွယ် တို့ကာကွယ် ခေါင်းစဥ် (၄)ခုတို့ဖြင့် ဝင်ရောက်ယှဥ်ပြိုင်ကြသည်။
ထို့နောက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်နွယ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကာ အသိပညာပေးနံရံကပ်စာစောင်အား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ