လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်ပိုစတာပြပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မုဒုံ စက်တင်ဘာ ၁၀

စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသိ ပညာပေး ဟောပြောပွဲ၊ နံရံကပ်ပိုစတာပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် မွန်ပြည်နယ် အမှတ် (၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု ရဲမှူး မိုးဦးက လူကုန်ကူးမှုတာဆီးကာကွယ်ရေး အကြောင်း အရာများ၊ မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုဖြစ်စဥ်အကြောင်းအရာများနှင့် လူကုန်ကူးမှု ကြုံတွေ့လာပါက ဆက်သွယ် ရမည့် ဖုန်းနံပါတ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။  ထို့နောက် အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ တွင် ဆုရရှိခဲ့သည့် ကျောင်းသား/သူများ ကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယမြို့နယ် ပညာရေးမှူးက ကျေးဇူတင် စကားပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ရဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ခဲ့ကြပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး  အသိပညာပေးနံရံကပ် ပိုစတာများကို လှည့်လည်ကြည့်ရှုအားပေးကာ လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)