ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ပျဉ်းမနား စက်တင်ဘာ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အမျိုးသားစာပေဆုရှင် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့်  “ဦးလည်မသုန်” စာအုပ်အား စာရေးသူနှင့်အတူ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ/ဆရာမများ ပျဉ်းမနားမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမျိုးသားစာပေဆုရှင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်  “ဦးလည်မသုန်” စာအုပ်ပါ အကြောင်းအရာများအား မိတ်ဆက်ဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် စာရေးဆရာ/ဆရာမများက  “ဦးလည်မသုန်” စာအုပ်ပါ အကြောင်းအရာများကို မိမိတို့၏ကိုယ်ပိုင်သဘောထားအမြင်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ အမျိုးသားစာပေဆုရှင် စာရေး ဆရာ ချစ်နိုင်(စိတ်ပညာ)က ပြန်လည်ဖြေကြားခဲ့ပြီး စာပေရေးသားရာတွင် လိုအပ်သည့် အခြေခံအကြောင်းတရားများ၊ နည်းလမ်း များနှင့် စာပေအမျိုးအစားများကို အကျယ်တဝင့်ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)