စစ်တွေ စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က အထက(၄)၊ မဟာပညာကျော် ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား စစ်တွေခရိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်၍ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပ ပြုလုပ်ရာ စစ်တွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်က မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရန်၊ ယဥ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဥ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်း သား စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အနုပညာရှင်များနှင့် အမှတ်ပေး အကဲဖြတ်ဒိုင်လူကြီး များအား ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲ သက်ဆိုင်ရာဘာသာ ရပ်များအလိုက် ယှဥ်ပြိုင်ကြရာ စစ်တွေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက ပြိုင်ပွဲဝင်များ၏ ယှဥ်ပြိုင်မှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြင့်စိုးဦး (ခရိုင်ပြန်/ဆက်)