မြစ်သားမြို့နယ်တွင် ကီလိုမာလကာသီးများ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူများ စီးပွားရေးအဆင်ပြေ

မြစ်သား စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင်  မြစ်ဆုံလေးကွင်း၌  ယာမြေများသည်  ဆည်ရေသောက်စနစ်ဖြင့် လည်းကောင်း၊ တွင်းရေစနစ်ဖြင့်လည်းကောင်း စိုက်ပျိုးရေသောက်သုံးရသဖြင့် စပါးသီးနှံများကို အဓိကထား စိုက်ပျိုးကြသည့်အပြင် ယာမြေ များတွင် နှမ်း၊ ဝါ၊ ငှက်ပျော၊ ပဲတီစိမ်း စသည့် အခြားသီးနှံများနှင့် နှစ်ရှည်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ကီလိုမာလကာ စိုက်ပျိုးရာတွင် မြေအနည်း ငယ်သာအပိုင်ရှိပြီး မိသားစုအပိုဝင်ငွေ ရရှိစေရန် ကီလိုမာလကာပင် (၃၃၀)ပင်အား စိုက်ပျိုးထားကြောင်း၊ ယခုအချိန်တွင် (၄)နှစ်သို့ရောက်ရှိရာ စိုက်ပျိုးပြီး တစ်နှစ်အတွင်း ရောင်းတန်းဝင်အသီးများအား စတင် ခူးဆွတ်ကာ ပြန်လည်ရောင်းချသူများမှ ခြံထဲအထိ လာရောက်ဝယ်ယူ၍ တစ်လုံးကို (၃၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ကီလိုမာလကာ စိုက်ပျိုးရာတွင် လေဝင်လေထွက်ကောင်းပြီး အပင်များသန်မာစေရန်နှင့် အသီးလုံးလှစေရန်အတွက် တစ်ပင်နှင့် တစ်ပင် (၁၂)ပေကွာပြီး တစ်တန်းနှင့် တစ်တန်း (၁၅)ပေခြား စိုက်ပျိုးရကြောင်း၊ အသီးများပိုးမဝင်အောင် စက္ကူဖြင့် အသီးများကို ပတ်ထားရပြီး  ပလတ်စတစ်အိတ်များ စွပ်ပေးရကြောင်း၊ အိတ်စွပ်ပြီး နှစ်လအကြာတွင်  ကီလိုမာလကာသီးများ ခူးဆွတ်ရကြောင်း၊ အပင် (၁၀၀) စိုက်ပျိုးထားပါက တစ်ခါခူးလျှင် အလုံး(၃၇၀)ခန့် ခူးဆွတ်ရပြီး မိသားစု အပိုဝင်ငွေရသည့်အပြင် သီးနှံတစ်မျိုးဖြစ်ကြောင်း ကီလိုမာလကာစိုက်ပျိုးသူ ဦးမင်းသိန်းထံမှ သိရသည်။ 

ဝင်းမင်းထွန်း  (ပြန်/ဆက်)