မိုင်းယန်း အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပုံးများစနစ်တကျချိတ်ပိတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန် က မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဉာဏ်သိန်း က မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု/ရပ်ကွက်များတွင် မဲရုံများစနစ်တကျ ဆောင် ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်သန်းမေလှိုင်ဦး က မဲရုံများတွင်ထားရှိမည့် မဲပုံးများစနစ်တကျချိတ် ပိတ်ရာတွင် ရပ်ကွက်/ ကျေးရွာများအလိုက် မဲပုံးချိတ်ပိတ်နံပါတ်များကို ပါဝင်ယှဉ်ပြိုင်ကြမည့် သက်ဆိုင်ရာပါတီဝင်များအနေဖြင့် စာရင်းမှတ်သားထားစေပြီး လိုအပ်ချက်များကို ကန့်ကွက်အကြံပေးနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် မဲရုံများတွင် ထားရှိမည့်မဲပုံးများကို မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းတို့က မဲပုံးအမှတ်စဉ်အလိုက် စနစ်တကျချိတ်ပိတ်မှုများကို ပါဝင်ယှဉ်ပြိုင်ကြမည့် သက်ဆိုင်ရာပါတီဝင်များရှေ့တွင် ဆောင်ရွက်ကြပြီး မဲပုံးများအား ကြိုတင်မဲပေးနိုင်မည့် သတ်မှတ်ရက်မတိုင်မီ ၁ ရက်အလိုတွင် မဲရုံရှိရာသို့ သယ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)