သင်္ဃန်းကျွန်း စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရန်ကင်းပညာရေးဒီဂရီကောလိပ်၊ မြတ်ပညာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးထူးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပရသည့် ရည်ရွယ်ချက်ဟာ မြန်မာတို့၏ ကိုယ်ပိုင်အဖိုးတန်ရတနာများဖြစ်တဲ့ သီချင်းကြီး၊ သီချင်းခံအဆို၊ အတီးများ ကိုယ်ပိုင်အနုပညာ တူရိယာများကို မြန်မာသံ၊ မြန်မာဟန်ဖြင့် တီးခတ်မည့် ပြိုင်ပွဲများ ခေါင်း၊ ခါး၊ ခြေ၊ လက်အချိုးအဆစ်ဖြင့် ငြိမ့်ညောင်းစွာကပြမည့် အကပြိုင်ပွဲများ၊ မြန်မာ့ရုပ်သေး ကြိုးဆွဲပညာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ ယဉ်ကျေးမှုဟူသည် အမျိုးဂုဏ်ဇာတိဂုဏ်ကို ဖော်ပြနေသော အမြတ်တနိုးတန်ဖိုးထားအပ်သော စရိုက်လက္ခဏာများဖြစ်၍ မျိုးဆက်သစ်ပြိုင်ပွဲဝင်များက မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိအမျိုးသားယဉ်ကျေးမှုဂုဏ်သိက္ခာကို အလေးထားမြတ်နိုးပြီး ကမ္ဘာတည်သ၍ အဓွန့်ရှည်အောင် လက်ဆင့်ကမ်း သယ်ဆောင်သွားကြရန် ပြောကြားခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးထူးလွင်၊ ဒဂုံမြို့သစ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကို၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ သင်္ဃန်းကျွန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သက်တင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ (သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်)၊ (၃) ခရိုင်ကိုယ်စားပြုသည့် "တည်တံပါစေ ဒို့အမွေ " တေးသီချင်းဖြင့် ဖျော်ဖြေခြင်း၊ ရုပ်သေးပညာရှင် ဦးစိန်အေးမြင့်မှ ရုပ်သေးမင်းသားအကနှင့် ဇော်ဂျီအကတို့ဖြင့် ဖျော်ဖြေခြင်း၊ ရန်ကင်းပညာရေးဒီဂရီကောလိပ် သင်တန်းသား၊ သင်တန်းသူများက" စည်းလုံးချင်းအတွက် သီချင်းတစ်ပုဒ် " သီချင်းတို့ဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။
ထိုနောက် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဦးစီးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်နှင့်ကော်မတီဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အကဲဖြတ်ဒိုင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်က အခမ်းအနားတွင် ကပြ၊ သီဆို၊ တီးခတ်၊ ဖျော်ဖြေခဲ့ကြသော အနုပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ပြန်လည်ချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်) ပြိုင်ပွဲဝင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အဖွဲ့ဝင်ဝန်ကြီးများက ညနေပိုင်း၌ လာရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
လှလှနွယ်(သင်္ဃန်းကျွန်း)