ကြည့်မြင်တိုင် စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရန်ကုန်အနောက်ပိုင်းဆေးရုံနှင့် အရိုးရောဂါအထူးကုဆေးရုံကြီးတို့၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့နံနက်ပိုင်းက အလုံခရိုင်အတွင်းရှိ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်အနောက်ပိုင်းဆေးရုံနှင့် အရိုးရောဂါအထူးကုဆေးရုံကြီးအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ ပလပ်စတစ်အမှိုက်သရိုက်အပါအဝင် ဆွေးမြေ့ရန်မလွယ်ကူသော စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့်သစ်ပင်သစ်ကိုင်းများ၊ အမြင်မတင့်တယ်သည်များအား ခုတ်ထွင်ရှင်းလင်းဖယ်ရှားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ဆေးရုံကြီးများ၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆေးကုသမှုခံယူနိုင်စေရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အရိုးရောဂါအထူးကုဆေးရုံကြီးအတွင်း ဆေးကုသမှုခံယူနေကြသူများအား ကျန်းမာရေးထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း