ကျောက်ဆည်မြို့နယ်တွင် သံပယိုသီးဈေးကောင်းမွန်သဖြင့် သံပယိုသီးခြံပိုင်ရှင်များ အဆင်ပြေ

ကျောက်ဆည်  စက်တင်ဘာ  ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သံပယိုသီးဈေးကောင်းမွန်ပြီး တစ်လုံး ငွေ(၁၅၀)ကျပ်မှ(၂၀၀)ကျပ်အထိရောင်းချရသဖြင့် သံပယိုသီးခြံပိုင်ရှင်များ အဆင်ပြေလျက်ရှိ ကြောင်းသံပယို သီးနှံ စိုက်ပျိုးရောင်းချသူများထံမှ သိရှိရသည်။

သံပယိုသီးနှံ စိုက်ပျိုးခြင်းများနှင့်ပတ်သတ်၍ တစ်နှစ်သားအရွယ် ပျိုးပင်တစ်ပင်ကို ငါးရာကျပ်နဲ့ဝယ်ပြီး အပင်တစ်ရာ စိုက်ပျိုးထားကြောင်း အပင်သုံးနှစ်သားတွင် စတင်ခူးခွတ်ရောင်းရကြောင်း၊ စတင်ခူးဆွတ် ချိန်တွင် အသီး(၅၀၀)လုံးခန့် ခူးဆွတ်နိုင်ပြီး အပင်များကြီးထွားလာပါက လေဝင်လေထွက်ကောင်းပြီး အသီးလှပစေရန်အတွက် တစ်ပင်နဲ့တစ်ပင် (၁၈)ပေအကွာခြားပြီး အတန်းလိုက်စိုက်ပျိုးကြောင်း၊ အပင် ငယ်ချိန်တွင် ပေါင်းမြက်များရှင်းလင်းပေးရပြီး သဲနှုံးဆန်သည့် မြေများတွင် အစိုဓာတ်မပြတ်သွင်း ပေးရပြီး လိုအပ်သည့်အချိန်တွင် မြေဩဇာကျွေးပေးခြင်း၊ ကိုင်းအခြောက်များရှင်းပေးခြင်းဖြင့် အပင်များကောင်းစွာ ဖြစ်ထွန်းပြီး အသီးသီးနှုန်းလည်းကောင်းမွန်ကြောင်း သံပယိုစိုက်တောင်သူ ဦးမောင်မောင်က ပြောပြသည်။

ကျောက်ဆည်မြို့နယ်တွင် သံယိုပင်များကို  ကိုင်းကျွန်းမြေများတွင်  အများဆုံးစိုက်ပျိုးကြပြီး နေ့စဉ် ဝင်ငွေရရှိရေး ခြံပိုင်ရှိများက မိမိတို့စိုက်ပျိုးထားသော အပင်များ၏ အသီးအထွက်အနှုန်း အပေါ်မူ တည်ကာ ခူးဆွတ် ရောင်းချလျက်ရှိရာ အသီးအရွယ်အစားအလိုက် အသီးတစ်လုံးကို ငွေ(၁၅၀)ကျပ်မှ (၂၀၀)ကျပ်အထိ ရောင်းချရပြီး အဆင်ပြေလျက်ရှိကြောင်းနှင့် သံပယိုသီးနှံသည် မိသားစုတစ်နိုင် တစ်ပိုင်စိုက်ပျိုးနိုင်သည့် သီးနှံတစ်ဖြစ်ကြောင်းသိရှိရသည်။

သက်မောင်(ကျောက်ဆည်)