ရွှေကူ အောက်တိုဘာ ၁၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ပြည်သူများ ကိုဗစ်−၁၉ရောဂါ ကူးစက်ခံရမှုမှ ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်းမရှိသူများအား စစ်ဆေးပြီး ဒဏ်ငွေများပေးဆောင်စေခြင်း ကိုဗစ်−၁၉ရောဂါကာကွယ်ရေး အသိပညာပေးခြင်း အစီအစဉ်များကို ယနေ့ နံနက် ၈ နာရီခန့်တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေကူမြို့ပေါ်ရပ်ကွက် လူစည်ကားရာ လမ်းဆုံနေရာတွင် မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များကဦးဆောင်ကာ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ ပူးပေါင်း၍ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာ၌ နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်း မရှိသော ပြည်သူများအား နှာခေါင်းစည်း(Mask)တစ်ခုပေးပြီး Mask တစ်ခုတန်ဖိုး ၅၀ ကျပ်နှင့် သင့်တင့်သော ဒဏ်ငွေ ၁၅၀ ကျပ်ကို ပေးဆောင်စေကာ နောင်တွင် ပြည်သူများအနေဖြင့် ပြင်ပထွက်ခွာချိန်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်မှုရှိစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရွှေကူမြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် အသိသတိရှိစွာ နေထိုင်သွားလာကြရန်၊ လက်ကိုမကြာခဏဆေးကြောသန့်စင်ရန်၊ အပြင် ထွက်တိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှသာလျှင် သွားလာကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များအတိုင်း နေထိုင်သွားလာကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)