ကျောက်တလုံးကြီး စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့နံနက် ၉ နာရီက ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသက် ၂ လမှ ၂ နှစ် အောက်ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာဥမ္မာဦးနှင့် ကျန်းမာရေးဝန်ထမ်းများက နောင်ခဲကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲသို့ လာရောက်ပြသသည့် ကိုယ်ဝန်ဆောင်မိခင်များအား သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ကိုယ်ဝန်စမ်းသပ်ပေးခြင်း၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးများပေးခြင်း၊ တီဘီရောဂါ လက္ခဏာရှိ/မရှိ မေးမြန်းခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ပြီး ပထမဆုံးအကြိမ် ကိုယ်ဝန်လာအပ်နှံသော ကိုယ်ဝန်ဆောင်မိခင်များအား မိခင်မှသန္ဓေသားသို့ ရောဂါကူးစက်မှုဆိုင်ရာ ဗဟုသုတပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပင်တွန်ကျေးလက်ကျန်းမာရေးဌာနမှဒေါ်အေးသိင်္ဂီက ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရန် ကာကွယ်ဆေးလာရောက် ထိုးနှံရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံကြမည့် ကလေးငယ်များအား အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းအချက်အလက်များကောက်ယူခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးနောက် အသက်(၂)လအရွယ်ကလေးများကို ဘီဂျီစီ၊ ပိုလီယိုသောက်ဆေး၊ ပီစီဗီ၊ ငါးမျိုးစပ်၊ (၄)လအရွယ်ကလေးငယ်များကို ပိုလီယိုသောက်ဆေး၊ ပီစီဗီ၊ ပိုလီယိုထိုးဆေး၊ ငါးမျိုးစပ်၊ (၆)လအရွယ် ကလေးငယ်များကို ပိုလီယို၊ ပီစီဗီ၊ ငါးမျိုးစပ်၊ (၉)လအရွယ် ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်၊ (၁)နှစ်ခွဲအရွယ်ကလေးငယ်များကို ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများကို ထိုးနှံ/တိုက်ကျွေးကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြောင်းနှင့် ကိုယ်ဝန်ဆောင် ၃၆ ဦး၊ ကလေးငယ် ၄၆ ဦးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)