နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြစ်ကြီးနားမြို့နေ ပြည်သူများအားသက်သာဈေးရောင်းချပေးနေမှု၊ ၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားနှင့် ကချင်ပြည်နယ် ပညာရေးမိသားစုများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား စက်တင်ဘာ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့်အညီ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်တာများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မြစ်ကြီးနားမြို့သို့ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်ဈေး၌ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်၍ ပြည်သူများ ဝန်ထုတ်ဝန်ပိုးမဖြစ်ပေါ်စေရေး ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့၊ ကချင်ပြည်နယ် ဆန်ကုန်သည်ကြီးများအသင်း၊ ပြည်နယ် ဆီကုန်သည်ကြီးများအသင်းနှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူတို့ပူးပေါင်း၍ ဒေသခံများအတွက် ပြင်ပပေါက်ဈေးနှုန်းထက် ပိုမိုချိုသာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့သို့ သက်သာဈေးတွင် ရောင်းချပေးသည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်၊ သား/ငါးများအား  ပြည်သူများ စနစ်တကျ စီတန်းဝယ်ယူနေမှုတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ရင်းရင်းနှီးနှီးလိုက်လံအားပေးနှုတ်ဆက်ခဲ့ကြပြီး ပြည်သူများ အဆင်ပြေလွယ်ကူစွာဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန်၊ ဟင်းသီးဟင်းရွက်နှင့် သား/ငါးများအား စားသုံးသူ အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျ စစ်ဆေးဆောင်ရွက်ပြီးမှ ရောင်းချသွားနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် အမှတ် (၉) အခြေခံပညာအထက် တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် ပညာရည်မြင့်မားခြင်းသည် အ‌ရေးကြီးသည့် အချက်တစ်ချက်ဖြစ်ပါကြောင်း၊ ပညာဗဟုသုတနှင့် ပြည့်စုံလျှင် ပြည့်စုံသလောက် နိုင်ငံ၏ အခြေအနေသည် တိုးတက်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့နိုင်ငံတော်တွင် ကျင့်သုံးနေသည့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးသည် စာမတတ်သူပပျောက်ရေးကို ဦးတည်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “တည်ငြိမ်အေးချမ်း သော လူ့အဖွဲ့အစည်းကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဆောင်ပုဒ်နှင့် အညီ ကလေးငယ်များနှင့် အသက် (၁၅) နှစ်အထက် လူငယ်များ၊ သက်ကြီးရွယ်အိုများ စာဖတ်တတ်ရေး၊ စာပေတတ်မြောက်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စာတတ်မြောက်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင် မြင်စွာဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းမှာကြားပြီး မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားအတွက် ယူနက်စကိုညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၏ စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု (Video Clip) ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ၂၀၂၃ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ တိုင်းမှူး၊ ဗိုလ်မှူးချုပ် စိုးလှိုင်က အခမ်းအနားတွင် သီဆိုဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာဦးစီးဌာနမှ စာတတ်မြောက်ရေးလှုပ်ရှားမှု ပုံရိပ်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်စာစောင်များနှင့် Mobile Library စာအုပ် စာစောင်ငှားရမ်းမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အပြင် အဆိုပါ ခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာန၊ ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်သည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့တွင် ပညာရေးကဏ္ဍ တိုးတက်မြှင့်မားရေးနှင့် လူငယ်ကဏ္ဍတိုးတက်မြှင့်မားရေး၊ လူတိုင်းလက်လှမ်းမီသော ပညာရေးဖြစ်စေရေးကို အလေးထားကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံအနာဂတ်အတွက် ပညာရည်ပြည့်ဝသည့် လူ့စွမ်းအားအရင်း အမြစ်များကို အခြေခံကအစပြု၍ လေ့ကျင့်မွေးထုတ်ပေးနေသည့် အခြေခံပညာရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆရာ/ဆရာမများအနေဖြင့် ပြည်နယ်၏ ပညာရေးကဏ္ဍတိုးတက်မြင့်မားအောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်ကဏ္ဍများကို တိုးတက်အောင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးက ကချင်ပြည်နယ်၏ ပညာရေးကဏ္ဍတိုးတက် မြင့်မားရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေးက ကချင်ပြည်နယ်အခြေခံပညာရေးဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍လည်းကောင်း တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးများက ပညာရေးကဏ္ဍအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြည်နယ်အစိုးရ၊ ကျောင်းသားမိဘ၊ ဆရာ/ ဆရာများ၏ ညီညွတ်စွာပူးပေါင်းခြင်းဖြင့် ပညာရေးကဏ္ဍ တိုးတက်လာမည်ဖြစ်သည့်အပြင် ပညာရေးကဏ္ဍ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုံးစုံအရေးကြီးသည့် သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်ကိုလည်း အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုနောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ ဧရာဝတီမြစ်ကူးတံတား တံတားအမှတ် (၂/၄၈၄)၊ ဗလမင်းထင် တံတားအမှတ် (၂) (၃၂၁၂ ဒဿမ ၀၉၉) ပေအရှည်ရှိ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

တံတားတည်ဆောက်ရေး ရှင်းလင်းဆောင်တွင် ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တံတားအထူးအဖွဲ့ (၁)မှ ဒုတိယညွှန်ကြားရေးမှူးတို့က တံတားဆိုင်ရာ အချက်အလက်များ၊ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများနှင့် တံတားပုံစံငယ်တို့အား ကြည့်ရှုစစ်ဆေးပြီး တံတားသစ်သည် ကချင်ပြည်နယ်အတွက် အဓိကကုန်စည်စီးဆင်းရာ လမ်းကြောင်းပေါ်တွင် တည်ရှိသည့်အတွက် သတ်မှတ်ချိန်အမီ အရည်အသွေးပြည့်မီစွာ ပြီးစီးအောင် ဆောင်ရွက်သွားနိုင်ရေးနှင့် တံတားဟောင်းကြံ့ခိုင်မှုကိုလည်း ထိန်းသိမ်းဆောင်ရွက်သွားနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု တန်ဘောင်ကျေးရွာအတွင်း ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ KEP Logistics Co.,Ltd သို့သွားရောက်ပြီး ကချင်ပြည်နယ်မှတစ်ဆင့် ပို့ကုန်/သွင်းကုန် စီးပွားရေးလုပ်ငန်းများ၊ နယ်စပ်ကုန် စီးဆင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ လိုအပ်ချက်၊အခက်အခဲများနှင့်စပ်လျဉ်း၍ တာဝန်ခံဦးအားဖူ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဝိုင်းမော်-ကံပိုင်တည်နယ်စပ်ဂိတ်သွားလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ လိုင်စင်မဲ့/စည်းကမ်း မဲ့မော်တော်ယာဉ်ကြီးများ အရေးယူထိန်းချုပ်ကွပ်ကဲနိုင်ရေးနှင့် နယ်စပ်ကုန်စည် စီးဆင်းမှုများ ပိုမိုချောမွေ့စွာဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကုန်တင်ကုန်ချဝင်းအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ယင်းနောက် မြစ်ကြီးနားမြို့ စက်မှုဇုံရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပံ့ပိုးပေးမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ်လုပ်ငန်း သမဝါယမ အသင်းလီမိတက်၌ ပျော့ဖတ်စက်အသစ်လည်ပတ်နေမှုနှင့် စက်ရုံထုတ်ကုန်ကြမ်းများ ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မြစ်ကြီးနားမြို့ ဗလမင်းထင်ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး မိတ်ဆက်တွေ့ဆုံကာ တပ်ကုန်းကွင်းနှင့် မန်ခိန်ကွင်းတို့အတွင်း မိုးစပါးစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းမှု၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆောင်းသီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေး တို့အတွက် စိုက်ပျိုးရေ၊ သွင်းအားစုများ ပံ့ပိုးကူညီပေးထားမှု အခြေအနေများနှင့် မန်ခိန်ကွင်းအတွင်း တောင်သူများ၏ မိုးစပါးကြဲပက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးကြကာ တပ်ကုန်းကွင်းအတွင်း အင်ဂျန်းခချောင်း‌ ပြန်လည်တူးဖော် ဆောင်ရွက်ထားရှိမှုနှင့် တောင်သူများအတွက် ငါးမျိုးစိုက်ထည့်ပေးထားမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်