မိုင်းယုမြို့တွင် နှစ်ရှည်ရော်ဘာ အစေးခြစ်လုပ်ငန်းဖြင့် နှစ်စဉ်ဝင်ငွေတိုးပွား

မိုင်းယု စက်တင်ဘာ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ရှိ ဒေသခံတောင်သူများ နှစ်ရှည်ရော်ဘာများ စိုက်ပျိုးထား၍ အစေးခြစ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ရောင်းချလျက်ရှိရာ မိသားစုအတွက် နှစ်စဉ်တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ တိုးပွားလျက်ရှိသည်။

မိုင်းယုမြို့တွင် တောတောင်ရေမြေအရ ကောင်းမွန်လျက်ရှိ၍ လယ်နှင့် နှစ်ရှည်ရော်ဘာပင်များကို အဓိကအားထား စိုက်ပျိုးပြီးလယ်များတွင် စပါးစိုက်ပျိုးထားပြီဖြစ်၍ ယခုအခါ မိမိတို့၏ နှစ်ရှည်ရော်ဘာခြံများအတွင်း ဝင်ရောက်ကာ ရော်ဘာအစေးခြစ်ခြင်းလုပ်ငန်းကို တဖန်ပြန်လည်လုပ်ကိုင်ကာ ရရှိလာသည့် ရော်ဘာအစေးအစိုများကို ဒေသတွင်းကုန်သည်များထံ ပြန်လည်ရောင်းချနေကြကြောင်း၊ ရော်ဘာအစေးခြစ်ခြင်းလုပ်ငန်းကို ဧပြီ(တတိပတ်)မှ နိုဝင်ဘာအထိ လုပ်ကိုင်လျက်ရှိပြီး ကျန်လများတွင် ရော်ဘာခြံအတွင်း ပေါင်းရှင်းပေးခြင်း၊ မြေဩဇာကျွေးခြင်းများသာ လုပ်ပေးလျက်ရှိကြောင်း၊ မိုင်းယုတွင် နှစ်ရှည်ရော်ဘာပင်များ ဧကများစွာ စိုက်ပျိုးထားလျက်ရှိပါကြောင်း ရော်ဘာစိုက်ပျိုးသူထံမှ သိရသည်။

ရရှိလာသည့် ရော်ဘာအစိုနှင့် အစိမ်းပြားများကို တောင်သူအချို့မှာ ဒေသတွင်းရှိ ကုန်သည်များထံနှင့် အသေးစားရော်ဘာပြားထုတ်လုပ်စက်ရုံသို့ ရောင်းချကြသော်လည်း အများစုအနေဖြင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချကြကြောင်းနှင့် ယခုလတ်တလောတွင် ကိုဗစ်ရောဂါအခြေအနေများကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မိုင်းယု-ကျိန်းယဲန်း တံတားအားယာယီပိတ်ထား၍ တောင်သူတို့ ဒေသတွင်းရှိ ကုန်သည်များထံနှင့် အသေးစားရော်ဘာပြား ထုတ်လုပ်စက်ရုံတို့တွင်သာ ရောင်းချနေလျက် ရှိကြောင်းနှင့် ယခုနှစ် လက်ရှိ  ရော်ဘာစေးအစို တစ်ကီလိုလျှင် ငွေကျပ် ၁၅၀၀(တရုတ်ယွမ် ၃ ယွမ်) ထိရရှိပြီးကြိတ်ပြီး ရော်ဘာအစိမ်းပြား တစ်ကီလိုလျှင် ကျပ် ၂၀၀၀(တရုတ်ယွမ် ၄ ယွမ်)ပေါက်ဈေးရှိကြောင်း ရော်ဘာအစေးခြစ်ရောင်းချသူက ‌ပြောသည်။

ကိုကိုနိုင်