ပုဏ္ဏားကျွန်းမြို့၌ မုန်တိုင်းသင့်ပြည်သူများကို စားအုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

ပုဏ္ဏားကျွန်း စက်တင်ဘာ

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ လိပ်ကုန်းပြင်အစုတွင် ယနေ့နံနက်ပိုင်းက   စားအုံးဆီများ သက်သာသောဈေးနှုန်းဖြင့် လာရောက်ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေး ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့က စားအုံးဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီတစ်ပိဿာကို ၄၇၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်း စံပြရပ်ကွက်၊ လိပ်ကုန်းပြင်အစု၌ နေထိုင်သော မိုခါမုန်တိုင်းသင့် အိမ်ထောင်စု ၅၀၀ အတွက် စားအုံးဆီပိဿာ ၅၀၀ ပိဿာကို သက်သာသောဈေးနှုန်းဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

နီထွန်းအောင်(ပြန်/ဆက်)