နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်

နောင်ချို စက်တင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေ၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၉ ရက်နေ့မွန်းလွှဲ ၁ နာရီအချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက အသိပညာပေးဟောပြောပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို      ရှင်းလင်းပြောကြားခဲ့ပြီးနောက် “နိုင်ငံတကာစာတတ်မြောက်ရေးနေ့အကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပေါင်ခန့်လန်က “အသင့်စားမုန့်များ ဘေးအန္တရာယ်ကင်းရှင်းရေး”နှင့် “ကုန်အညွှန်းအမှတ်အသားများအကြောင်း သိကောင်းစရာ ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ရေး အသိပညာပေး၊ လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်အားပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)