ဝိုင်းမော် အောက်တိုဘာ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်(၈) နာရီမှ စတင်၍ ဆန္ဒမဲလက်မှတ်များကို ဖွင့်ဖောက်စစ်ဆေး လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပေးပို့လာသည့် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရမည့် မဲဆန္ဒနယ်အလိုက် လက်မှတ်များအား ရရှိမည့်အရေအတွက်အတိုင်း ပြည့်/မပြည့်၊ စွန်းထင်း စုတ်ပြဲနေသော ဆန္ဒမဲ လက်မှတ်များပါဝင်မှု ရှိ/ မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်/မဟုတ်၊ ပါဝင်ရမည့် ကိုယ်စားလှယ်လောင်းအရေအတွက် မှန်/မမှန်နှင့် ကိုယ်စားလှယ်လောင်းများ၏ အမည်၊ အသုံးပြု သင်္ကေတ(logo)များမှန်ကန်မှု ရှိ/ မရှိတို့အား ဖွင့်ဖောက်စစ်ဆေးခြင်း လုပ်ငန်းများကို စိစစ်ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ် (၁၉၀၂)အုပ်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ်(၁၉၀၂)အုပ်၊ ပြည်နယ်လွှတ်တော်အမှတ်(၁) ဆန္ဒမဲလက်မှတ် (၉၃၃)အုပ်၊ ပြည်နယ်လွှတ်တော်အမှတ်(၂) ဆန္ဒမဲလက်မှတ် (၉၅၃)အုပ်၊ ဗမာတိုင်းရင်းသားဆန္ဒမဲ လက်မှတ်(၃၂၀)အုပ်၊ ရှမ်းတိုင်းရင်းသား ဆန္ဒမဲလက်မှတ် (၃၉၆)အုပ်၊ လီဆူတိုင်းရင်းသား ဆန္ဒမဲလက်မှတ် (၁၀)အုပ်၊ ရဝမ်တိုင်းရင်းသားဆန္ဒမဲလက်မှတ်(၃၈)အုပ် စစ်ဆေးလျှက်ရှိရာ အောက်တိုဘာ(၁၆)ရက်နေ့တွင် အပြီးစစ်ဆေး သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)