မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မရမ်းကုန်း စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့၊ နံနက် ၈ နာရီတွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားရာတွင် လူငယ်များအနေနဲ့ တင်္ခနုပ္ပတ္တိဥာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊နှုတ်မှုရေးရာ စွမ်းဆောင်ရည်များမြင့်မားလာစေရန်၊ ဗဟုသုတ တွေကိုစဥ်ဆက်မပြတ်လေ့လာ ဆည်းပူးသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ၊ ဗလ ငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကိုစတင်ခဲ့ရာ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၆) ဦးတို့က စာပေမြင့်မှ လူမျိုးတင့်မည်၊ ပညာရဲရင့်ပွဲလယ်တင့်၊ ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ မူးယစ်ရန်စွယ်ဒို့ကာကွယ် ၊ ယနေ့လူငယ်နောင်ဝယ်လူကြီး စသည့်ခေါင်းစဉ် (၆) ခုကို မဲနှိုက်ပြီး ကိုယ်ကျရာခေါင်းစဉ်ဖြင့် ပါဝင်ယှဥ်ပြိုင်ကြသည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင်  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုး၊ အ-ထ-က(၅)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ယဥ်မူယာစိုးနှင့် စာရေးဆရာ‌ မြေလတ်ထင်‌ကျော်မိုးတို့က ဆုရွေးခြယ်ရေးဒိုင်အဖြစ်ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့ကြသောကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ငြိမ်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၀) ဦးခန့်တက်ရောက်ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မိုးမိုး