နေပြည်တော် စက်တင်ဘာ ၉
ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ၂ဝ၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားကို ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက"စေတနာပန်းတို့ လန်းရာမြေ"တေးသီချင်းဖြင့် အခမ်းအနားကို ဂုဏ်ပြုသီဆိုပြီး ဖွင့်လှစ်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စာတတ်မြောက်ခြင်းဆိုသည်လူတစ်ဦး၏ ရိုးရှင်းသည့်စာသားများကို သူတို့၏မိခင်ဘာသာစကားနှင့်အဓိပ္ပါယ်ရှိအောင် ဖတ်နိုင်၊ ရေးနိုင်တဲ့ စွမ်းရည်ဖြစ်ပြီး ကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေး အပြည့်အဝဖွံ့ဖြိုးတိုးတက်မှုအခြေခံဖြစ်ကြောင်း၊ ကမ္ဘာ့စာတတ်မြောက်ရေးကွန်ဂရက်မှ နှစ်စဉ်စက်တင်ဘာလ ၈ ရက်နေ့ကို နိုင်ငံတကာ စာတတ်မြောက် ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုမှာ ၁၉၆၆ ခုနှစ် မှစပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့သည်မှာ ယခု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှာဆိုရင် သက်တမ်း(၅၇)နှစ် ပြည့်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုနှစ်နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ကတော့-"Promoting Literacy for a world in transition: Building the foundation for sustainable and peaceful societies." “တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေး မြှင့်တင်စို့” ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်မြောက်ထားမှသာ ဘဝရပ်တည်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ၊တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခင်ကမိမိတို့နိုင်ငံတွင် “အသုံးလုံး” သင်တန်းများ သင်ကြားပေးခဲ့ရာ အောင်မြင်မှုများရှိခဲ့ပြီး ကမ္ဘာပေါ်တွင် စံပြပုံစံတစ်ခုအနေဖြင့် အသိအမှတ်ပြုခံရမှုများ ရရှိခဲ့ကြောင်း၊“အသုံးလုံး” သင်တန်းများမှတစ်ဆင့် စာပေဖတ်ရှုမှုကို စိတ်ဝင်စားလာပြီး ၎င်းကိုအခြေခံ၍ ပညာတတ်လိုစိတ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ကျောင်းပြင်ပပညာရေးဖြင့် မူလတန်းပညာ KG+5 အထိ သင်ကြားပေးနိုင်ကြောင်း၊ ၎င်းမှတစ်ဆင့် KG+9 ကို သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး တစ်ဆင့်ပြီးစးတစ်ဆင့် ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း လမ်းညွှန်ထားပါကြောင်း၊ စာတတ်မြောက်ရေးနေ့သည် စာမတတ်သူများကို အခြေခံစာတတ်မြောက်ရေးမှ လုပ်ငန်းအကျိုးပြု စာတတ်မြောက်မှုရရှိ၊ ရောက်ရှိလာအောင် လှုံ့ဆော်ဆောင်ကြဉ်းပေးခြင်းဖြစ်ပါကြောင်း၊ စာမတတ်သည့်ကမ္ဘာမှ စာတတ်သည့်ကမ္ဘာသို့ တက်လှမ်းပြောင်းလဲပေးခြင်းလည်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် အားကိုးအားထားရမည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများအဖြစ် ပြောင်းလဲရောက်ရှိလာအောင် အားထုတ်ဆောင်ရွက်ပေးခြင်းလည်းဖြစ်ပါကြောင်း၊ ဒါကြောင့် ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် စာမတတ်သူများ အားလုံးကို စာပေတတ်မြောက်အောင် ကူညီပေးခြင်းဖြင့် တစ်မျိုးသားလုံး စာတတ်မြောက်လာရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ၂၀၂၃ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို နေပြည်တော်ပညာရေးမှူးရုံးမှညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က ဖတ်ကြားသည်။
ထို့နောက် စာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်မှု(VIDEO CLIP)ပြသပြီး ပျဉ်းမနားမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "တို့အင် တို့အား" တေးသရုပ်ဖော်ဖြင့် တင်ဆက်ဂုဏ်ပြုဖျော်ဖြေကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဖျော်ဖြေရေးအစီအစဉ်တွင်ပါဝင်သော ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် ပျဉ်းမနားမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းအတွက် ရန်ပုံငွေများကိုပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးဦးဝင်းခိုင်က လက်ခံရယူကြခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)