နေပြည်တော် စက်တင်ဘာ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်အတွင်း ကုန်ထုတ်လုပ်ငန်းများတိုးတက်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ စီးပွားရေးလုပ်ငန်းရှင်းများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီအနေဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် ဒေသအလိုက်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး၊ ပြည်သူများဝင်ငွေတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အလတ်စား MSME လုပ်ငန်းများဖွံ့ဖြိုးလာစေရေး ဝန်ဆောင်မှုလုပ်ငန်းများပါဝင်သည့် ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အတွက် လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များက အကြံပြုဆွေးနွေးပေးစေလိုကြောင်း၊ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးတို့ဖြစ်ပြီး ပြည်သူပြည်သားများအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး၊ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းပညာရည်မြင့်မားရေး၊ ပြည်သူပြည်သားတိုင်း ကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာနေထိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း အလေးထားပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိဒေသတွင် နေထိုင်သူများဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသတွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးနေဖို့လိုအပ်ကြောင်း၊ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်မှုကို တတ်နိုင်သမျှ တည်ငြိမ်အောင် ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ အဓိကခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် အခြားကုန်ပစ္စည်းဈေးနှုန်းများ ဒေသအလိုက်ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် အကျိုးရှိသည့်နည်းလမ်းများကိုဖော်ထုတ်ပြီး သက်ဆိုင်ရာကော်မတီများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များအားလုံးကပူးပေါင်းပြီး ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးနှင့် လုံလောက်စွာဝင်ရောက်စေရေးအတွက် လိုအပ်သည့်ပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် MSME လုပ်ငန်းများကို ကြိုးစားဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ အခြေခံစားသောက်ကုန် ထုတ်လုပ်ရာတွင် အဓိကကျသည့် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSME ကုန်ထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်ဦးချင်းဝင်ငွေရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ဒေသထွက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်စီးပွားရေးလုပ်ငန်းရှင်းများ၊ အသင်းအဖွဲ့စည်းများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးက ဒေသဆိုင်ရာအချက်အလက်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒေသတွင်းကုန်ထုတ်လုပ်ငန်း တိုးတက်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ MSME အသင်းမှတာဝန်ရှိသူက လုပ်ငန်းများ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ဥတ္တရခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုအခြေအနေများကို ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍများလိုက် ပေါင်းစပ်ဖြည့်ဆည်းပေးပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တည်ဆောက်ထားသည့် ပုဗ္ဗသီရိမြို့နယ်ရှိ တင်းဝါးရေလှောင်တမံသို့ရောက်ရှိကာ ရေလှောင်တမံအား လှည့်လည်ကြည့်ရှုခဲ့ပြီး ရှင်းလင်းဆောင်တွင် ရေလှောင်တမံရေဝင်ရောက်မှုအခြေအနေနှင့် ပုဗ္ဗသီရိမြို့နယ်အတွင်း ရေပေးဝေနေမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကိုမှာကြားပြီး သစ်ပင်ပျိုးခြံအတွင်း မန်ကျည်းပျိုးပင်များ ပျိုးထားမှုများကိုကြည့်ရှုသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာသီရိပတ္တာ ကျောင်းတိုက်သို့သွားရောက်ပြီး မင်္ဂလာသီရိပတ္တာကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာဝံသအား ဖူးမြော်ကြည်ညိုကာ ဆရာတော်ဘဒ္ဒန္တပညာဝံသနှင့် ဆရာတော်သံဃာတော်များထံ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)