အမ်းခရိုင်၊ အမ်းမြို့နယ်၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)မိတ်ဆက်ရှင်းလင်းခြင်းကျင်းပ

အမ်း စက်တင်ဘာ ၉

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အမ်းမြောက်ကျေးရွာအုပ်စု၊ ဒိုင်ကြီးကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)မိတ်ဆက်ရှင်းလင်းခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။  

အဆိုပါ ဒိုင်ကြီးကျေးရွာအား ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်နေပြည်သူမျး၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုအဆင့်အတန်းမြင့်မားလာစေရေး၊ ကျေးလက်စီးပွားရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးရေး၊ အသေးစားအလတ်စားလုပ်ငန်းများနှင့် တစ်နိုင်တစ်ပိုင်မိသားစုစီးပွားရေးလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးအောင် အားပေးမြှင့်တင်ရေး၊ သမဝါယမစနစ်နှင့်အသင်းအဖွဲ့များ ပိုမိုခိုင်မာအားကောင်းလာစေရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးစသည့် ဘက်စုံဖွံ့ဖြိုးရေးများကို အကျိုးခံစားရမည်ဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်ကအဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမောင်မောင်စိုးက အမ်းမြောက်ကျေးရွာအုပ်စု ဒိုင်ကြီးကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village) မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းကာလ(၅) နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများဖြစ်သည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ သွင်းအားစုနှင့်ငွေကြေးဝန်ဆောင်မှုများထောက်ပံ့ကူညီခြင်း၊ အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားမြင့်မား‌စေခြင်း၊ အသင်းအဖွဲ့များခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား အကြံပြုဆွေးနွေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ ကျေးရွာစာကြည့်တိုက်အားမွမ်းမံခြင်းနှင့် E-Learning Center ဆောင်ရွက်ရေး၊ ရေရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာများ၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးစသည့် ကဏ္ဍအလိုက်ဆောင်ရွက်ရန်လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း