စစ်တွေ စက်တင်ဘာ ၉
နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုကို ကျင်းပဆောင်ရွက်လျက်ရှိရာ စစ်တွေတက္ကသိုလ်အနေဖြင့် ကာယဗလဖွံ့ဖြိုးရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ စစ်တွေတက္ကသိုလ်နှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှကြီးမှူး၍ စစ်တွေတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ အမျိုးသားဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲအဖြစ် အင်္ဂလိပ်စာဌာနအသင်းနှင့် ဓာတုဗေဒဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဓာတုဗေဒဌာနအသင်းက သုံးဂိုးတစ်ဂိုးဖြင့်အနိုင်ရရှိသွားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ချစ်ကြည်ရေးအဖြစ်ကစားခဲ့ကြသည့် စစ်တွေတက္ကသိုလ်ဆရာများအသင်းနှင့် ဝန်ထမ်းများအသင်းအား စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်ကလည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆုအား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်သူဇော်ကလည်းကောင်း၊ အကောင်းဆုံးအားကစားသမားဆုကို ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစောနိုင်ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တတိယဆုရရှိသော ဥပဒေပညာဌာနအသင်းအား ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က လည်ဆွဲဆုတံဆိပ်နှင့်ဆုငွေအားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရက ဒုတိယဆုရရှိသော အင်္ဂလိပ်စာဌာနအသင်းအား လည်ဆွဲဆုတံဆိပ်နှင့် ဆုငွေအားလည်းကောင်းပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ပထမဆုရရှိသော ဓာတုဗေဒဌာနအသင်းအား လည်ဆွဲဆုတံဆိပ်၊ ဆုငွေနှင့်တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။ အလားတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပထမဆုရရှိသော အသင်းအားဆုငွေ သုံးသိန်းကျပ်၊ ဒုတိယဆုရရှိသောအသင်းအား ဆုငွေနှစ်သိန်းကျပ်နှင့် တတိယဆုရရှိသောအသင်းအား ဆုငွေတစ်သိန်းကျပ်စီပေးအပ်ချီးမြှင့်ခဲ့သည်။
စစ်တွေတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲကို စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဘာသာရပ် ၁၆ ခုမှ ပြိုင်ပွဲဝင်အသင်း ၁၆ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းသို့သွားရောက်၍ ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပြီး မိမိတို့ဒေသများ၌ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ရန် စစ်တွေမြို့မှပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအားတွေ့ဆုံပြီး ဂုဏ်ပြုအားပေးစကားပြောကြားကာ ထောက်ပံ့ငွေ များပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)