မုဒုံမြို့၌ အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်း အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကျင်းပ

မုဒုံ စက်တင်ဘာ ၉

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင်ထိခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် အမြဲတမ်းမသန်စွမ်းမှုငွေလုံးငွေရင်း အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက KANBAWZAX Microfinance Co:Ltd အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မွန်ပြည်နယ် လူမှုဖူလုံရေးအဖွဲ့မှ ပြည်နယ်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဆွေက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ  အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ရုံးခွဲတာဝန်ခံမှ လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ပွားရခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက မုဒုံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော KANBAWZAX Microfinance Co:Ltd မှ အာမခံအလုပ်သမား တစ်ဦး၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်မှုကြောင့် အမြဲတမ်းလုပ်အားဆုံးရှုံးမှု (၇၅) ရာခိုင်နှုန်းအတွက် ငွေလုံးငွေရင်း (၁၃၂၃၀၀၀၀) ကျပ်၊ Sri Trang Ayeyar Co:Ltd မှ အာမခံ အလုပ်သမားတစ်ဦး၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းလုပ်အားဆုံးရှုံးမှု (၅၀) ရာခိုင်နှုန်းအတွက် ငွေလုံးငွေရင်း (၃၅၂၈၀၀၀) ကျပ်ကို အလုပ်သမားများထံ ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)