စဉ့်ကူး စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် စားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အတွင်းရှိ စားသုံးဆီရောင်းချသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းက ကုန်ဈေးနှုန်းကြီးမြင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး (Diamond Dragon) ကုမ္ပဏီမှ ဝယ်ယူရောက်ရှိလာသည့် စားသုံးဆီများအား ပင်လယ်ကြီး စားသုံးဆီအရောင်းဆိုင်မှ မူရင်းရောင်းဈေး (၁) ပိဿာလျှင် လက်ကားဈေးကျပ် (၄၇၀၀) နှုန်းဖြင့် မြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့ ဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာအသီးသီးရှိ စားသုံးဆီအရောင်းဆိုင်များမှတစ်ဆင့် စားသုံးသူပြည်သူများ လက်ဝယ်သို့ လက်လီဈေး (၁) ပိဿာလျှင် ငွေကျပ် (၄၉၀၀) နှုန်း ဖြင့် ဖြန့်ဖြူးရောင်းချပေးသွားရန် ညှိနှိုင်းသဘောတူခဲ့ကြကြောင်း၊ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ ကုန်ဈေးနှုန်းကျဆင်းရေး ကော်မတီများ၊ ပင်လယ်ကြီး စားသုံးဆီအရောင်းဆိုင်ပိုင်ရှင်နှင့် မြို့နယ်အတွင်းရှိ စားသုံးဆီ အရောင်းဆိုင်ပိုင်ရှင်များ၊ စုစုပေါင်းအင်အား (၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)