လားရှိုး စက်တင်ဘာ ၉
လားရှိုးခရိုင်၊ အမျိုးသမီးကော်မတီက ဦးဆောင်၍ Gender, CEDAW, NSPAW နှင့် UNSCR (1325) အသိပညာပေး အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) (Lashio) ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ (ကိုယ်စား) လားရှိုးခရိုင်၊ ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသိန်းတက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာ “ ကမ္ဘာလုံးဆိုင်ရာ စာရင်းများအရ လူ (၃) ဦးလျှင် (၁) ဦးနှုန်းမှာ ရုပ်ပိုင်းဆိုင်ရာလိင်ပိုင်းဆိုင်ရာနှင့် အိမ်တွင်းအကြမ်းဖက်ခံနေရကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ ဆက်စပ်ဝန်ကြီးဌာနများအပြင် အမျိုးသမီးအရေးကို တက်ကြွစွာဆောင်ရွက်နေသော အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကိုအဓိက ဦးစားပေး လုပ်ငန်းနယ်ပယ် (၁၂) ရပ်နှင့် ရေးဆွဲထားရှိရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်စပ်လျဉ်းသည့် လုပ်ငန်းနယ်ပယ်ပါဝင်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးကို ရှေးရှုသော ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စနစ်များကို တိုးမြှင့်အားပေးဆောင်ရွက်သွားရန်ဆိုသည့် ရည်ရွယ်ချက်များပါရှိကြောင်း” ပြောကြားသည်။
ယင်းနောက် ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ လားရှိုးခရိုင်၊ လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက Gender, CEDAW, NSPAW နှင့် UNSCR (1325) အသိပညာပေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ကော်မတီဝင်များက အမျိုးသမီးကော်မတီ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ချမှတ်ထားသောမူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အစီအမံများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆက်လက်လုပ်ဆောင်ကြမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)