မချမ်းဘော မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မချမ်းဘော စက်တင်ဘာ ၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးလာစေရန်နှင့် စာဖတ်စွမ်းရည်မြင့်မားလာစေရန်ရည်ရွယ်၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်း အမှတ်အဖြစ် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က စာတတ်သူတိုင်းစာဖတ်ကြခေါင်းစဥ်ဖြင့် ဟောပြောရာတွင် ကျောင်းသူကျောင်းသားတွေအနေဖြင့် စာပေဖတ်ရှုကြဖို့ အလွန်ပင်လိုအပ်ကြကြောင်း၊ စာတတ်ပြီးသားလူတွေက စာပေမဖတ်ရှုကြဘူးဆိုရင် စာမတတ်သူနှင့်တူကြောင်း၊

ဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းစာအပြင် ပြင်ပဗဟုသုတများလည်းရှာဖွေဖတ်ရှုဖို့လိုကြောင်း ထည့်သွင်းပြောကြားပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်စာအုပ်ပါ လူငယ်ရေးရာကဏ္ဍစာစုများဖြစ်သည့် အောင်မြင်မှုကိုရယူပါခေါင်းစဥ်ဖြင့်လည်းကောင်း၊အလုပ်ဖြင့်သက်သေပြပါခေါင်းစဥ်ဖြင့်လည်းကောင်း၊ သစ်ပင်စိုက်ခြင်းအကျိုး၊ လူငယ်များ၏ကိုယ်ရည်ကိုယ်သွေး၊ ခင်မင်မှုကိုပြင်ဆင်ပါ ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုတာဝန်ရှိသူများက အမှတ်တရ ဆုလက်ဆောင်များပေးအပ်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော မချမ်းဘောမြို့နယ် ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်သတ် ကျောင်းသားကျောင်းသူ ၃၀ ဦးတို့က ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော့)