ချီဖွေမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ချီဖွေ စက်တင်ဘာ ၈

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ အသက် (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲတွင် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးချစ်စမ်းအောင်နှင့် ဇနီး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက တက်ရောက် ခဲ့ကြသည်။

ဦးစွာ မြို့နယ်ပြည်သူ့ဆေးရုံးမှ ဒေါက်တာလင်းလင်းထွန်းက မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံမှုနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအခြေ အနေ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များ၊ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုအခြေအနေနှင့် ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးမထိုးသင့်သော အခြေအနေများ၊ သားအိမ်းခေါင်း ကင်ဆာရောဂါ (အိတ်ခ်ျပီဗီ) ကာကွယ်ဆေးအကြောင်းကို အကျယ့်တစ်ဝင့် ရှင်းလင်း ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးချစ်စမ်းအောင်က အသက် (၉) နှစ်မှ အသက် (၁၂) နှစ်မကျော်သော ကျောင်းနေအရွယ် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ပညာရေးဌာနနှင့် ရပ်ကွက်အုပ်ရေးမှူးများအနေဖြင့် စာရင်းစနစ်တကျ ပြုစုပေးရန်ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းကို (၁-၉-၂၀၁၁) မှစ၍ (၃၁-၈-၂၀၁၄) အတွင်း မွေးဖွားသော ကျောင်းနေအရွယ် မိန်းကလေးများကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ရာ ပထမအဆင့် အနေဖြင့် ကျောင်းခြေပြုကာကွယ်ဆေးထိုးနှံခြင်းကို (၁၈-၉-၂၀၂၃) ရက်နေ့မှ (၂၉-၉-၂၀၂၃) ရက်နေ့ထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ပြည်သူလူထုအခြေုပြု ကာကွယ်ဆေးထိုးနှံခြင်းကို (၁၆-၁၀-၂၀၂၃)ရက်နေ့မှ (၂၇-၁၀-၂၀၂၃) ရက်နေ့များတွင် လည်းကောင်း ချီဖွေမြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ အသက် (၁၂) နှစ် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ‌သိရှိရသည်။

ယော်ကိ (ပြန်/ဆက်)