ပင်လောင်း အောက်တိုဘာ ၁၆
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများမှ ရွေးကောက်ပွဲဆိုင်ရာ အသိအမြင်များ ပိုမိုရရှိပြီး ဆန္ဒမဲပေးရာတွင် လွယ်ကူလျင်မြန်စေရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်း က ဖြန့်ဝေခဲ့သည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်များတွင် “မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ” “ဒီမိုကရေစီ ရှင်သန်ဖို့ မသန်ပေမယ့်စွမ်းသူများ အားလုံးမဲပေးကြစို့” “မဲပေးနိုင်ဖို့ မဲစာရင်းစစ်ကြစို့” စသည့်ခေါင်းစဉ်များကို ကာတွန်းသရုပ်ဖော်ပုံများဖြင့် ရေးဆွဲဖော်ပြထားပြီး “ကိုဗစ်-၁၉ ရောဂါ မကူးစက်အောင် မိမိကစပြီး ကာကွယ်ပါ” ခေါင်းစဉ်ဖြင့် အသိပညာပေး အချက်အလက်များကိုလည်း အများပြည်သူလွယ်ကူစွာ ဖတ်ရှု လေ့လာနိုင်ရန် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ထွန်းလင်း (ပင်လောင်း)